CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃

ရခိုင်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများနှင့် ဆားစက်ပိုင်ရှင်များကို မတ်လ အတွင်း ကျပ်သိန်း ၉၀၀၀ ကျော် ထုတ်ချေးပေးသွားရန်ရှိကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ချေးငွေကြောင့် ဆားလုပ်ငန်း၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းအထိ လုပ်ငန်းများ လည်ပတ်လာမည် ဖြစ်ကြောင်း၊ ထုတ်ချေးပေးမည့် ချေးငွေကို ဆားလုပ်ငန်းလုပ်ကိုင်ရန် မှတ်ပုံတင်ထားသည့် တောင်သူများသာ ရရှိမည်ဖြစ်ပြီး မှတ်ပုံမတင်ထားသည့် တောင်သူများအနေဖြင့် မှတ်ပုံတင်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ မှတ်ပုံတင်ထားတဲ့ ဆားတောင်သူတွေရယ်၊ ဆားစက်တွေကို ပေးဖို့အတွက်ကို ကျနော်တို့ အစိုးရဆီကို တင်ပြထားတဲ့ဟာမှာ အစိုးရကတော့ အတည်ပြုပြီးပါပြီ။ လိုအပ်တဲ့ဟာတွေကို အစိုးရကစိစစ် နေပါတယ်ခင်ဗျ။ စိစစ်ပြီးတော့ ကျနော်တို့ကို ၃ လပိုင်း အတွင်းလောက်မှာဆိုရင် ကျနော်တို့ကို ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။ ငွေ(ကျပ်သိန်း) ၉၀၀၀ ကျော်ကိုတော့ စိစစ်ကြပ်မတ်ပေးမယ်လို့ ပြောပါတယ်ခင်ဗျ။ သိန်း ၁ သောင်း မဟုတ်ဘူး။ သိန်း ၉ ထောင်ကျော်၊ ၁ မီလီယံအောက် နည်းနည်းပါးပါး လျော့ပါတယ်ခင်ဗျ။ အနည်းဆုံးကတော့ ၁၀၀ မှာ ၃၀၊ ၄၀၊ ၅၀ ရာခိုင်နှုန်းတော့ လုပ်ငန်းလည်ပတ်သွားမှာ ဖြစ်ပါတယ်။ ကျနော်တို့ လုပ်နေတာတော့ ခန့်မှန်းခြေ ဧက ၃၀၀၀ ကျော်၊ ၄၀၀၀ လောက် လုပ်မှာပေါ့။ လိုင်စင်တင်ထားတာက ၁၀၀၀ ကျော်လောက် ရှိမှာ ပေါ့။ လိုင်စင် တင်ထားရင်တော့ ရမှာပါ။
အဓိကကတော့ လိုင်စင်တင်ဖို့ လိုပါတယ်။ နောက်ပြီးတော့ အခက်အခဲ တွေကိုလည်း ကျနော်တို့ကို ပွင့်လင်းမြင်သာစွာ ရှင်းပြဖို့ လိုပါတယ်” ဟု ပြောသည်။

 ဆား တောင်သူများကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် ဆားထုတ်လုပ်မှုတွင် ပြီးခဲ့သည့် ၂၀၂၁ - ၂၀၂၂ ဆားရာသီတွင် ဧက ၁၀၀၀ ခန့်သာလုပ်ကိုင်ကြပြီး ဆားတန်ချိန် ၂၀၀၀၀(နှစ်သောင်း)ခန့်သာ ထုတ်လုပ်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဆားဧက ၄၀၀၀ အထိ လုပ်ကိုင် လျက်ရှိသည်ဟု သိရသည်။

ဆားတောင်သူများအနေဖြင့် ချေးငွေရရှိသည့်အခါ ဆားဂိုဒေါင်များ တည်ဆောက်ပြီး ဆားကို စနစ်တကျ ထုတ်လုပ်ရန် လိုအပ်ကြောင်း၊ ထို့နောက် ချေးငွေကိုလည်း ဆားလုပ်ငန်းအတွက်သာ အသုံးပြုစေလိုကြောင်း၊ အလွဲသုံးစား မလုပ်ကြရန် လိုအပ်ကြောင်း ဦးသန်းဝင်းက ဆက်ပြောသည်။

၎င်းက “ကျနော်တို့ ဒီငွေက ချေးငွေဖြစ်တဲ့အတွက် ပြန်လည်ပေးဆပ်ဖို့ ခေါင်းမှာထည့်ထားရပါမယ်။ တော်တော် များများ ဒီငွေကို မပေးဆပ်ဘဲနဲ့ အလွဲသုံးစားသာ ဖြစ်သွားမယ်ဆိုရင် ကျနော်တို့ နောက်တစ်ခါတောင် မဟုတ်ဘူး၊ နောက် အနှစ် ၃၀ တောင် ကျနော်တို့ ချေးငှားလို့ရမှာ မဟုတ်ဘူး။ အဲဒါကို အရမ်းသတိထားရပါမယ်။ နောက်ပြီးတော့ အခု ချေးမယ့်ငွေ ၉ ထောင်ကျော် မဟုတ်ဘဲနဲ့ နောက်ထပ် မှန်ကန်တယ်ဆိုရင် ထပ်ပြန်ပေးဖို့ ကျနော်တို့ တောင်းဆိုလို့ ရပါတယ်ခင်ဗျ။ အဲဒါကြောင့် ဒီငွေတွေကို အခု ဆားချေးငွေကို ဆားမှာပဲ အသုံးပြုဖို့၊ တခြားနေရာ တွေမှာ ဖြည့်စွက် မသုံးစွဲဖို့၊ တခြားနေရာတွေမှာ အလွဲသုံးစား မဖြစ်ဖို့အတွက် ကျနော် အနူးအညွတ် တောင်းပန်ပါ တယ်။ အဲလို အလွဲသုံးစားဖြစ်သွားတဲ့ တချို့ ပြည်နယ်နဲ့ တိုင်းမှာဆိုရင် အခုထက်ထိ ချေးငွေထုတ်ပေးတာ မတွေ့ ရပါဘူး။ အဲလို မဖြစ်ဖို့လည်း လိုပါတယ်ခင်ဗျ” ဟု ပြောသည်။

 ဆား တောင်သူများကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းအနေဖြင့် ဆားတောင်သူများကို ထုတ်ချေးရာတွင် ၁ ဧကအား ကျပ် ၃ သိန်းကနေ ၅ သိန်းထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း၊ အတိုးနှုန်း သက်သက်သာသာဖြင့် ထုတ်ချေးမည် ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ဆားကို အဓိက လုပ်ကိုင် ကြပြီး လက်ရှိတွင် အရည်အသွေး ကောင်းသည့် ဆားများကို ထုတ်လုပ်ပြီး တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့ နိုင်ရန်အတွက် နှစ်နိုင်ငံ ကုန်သည်များအကြား ဆွေးနွေးနေကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်း က ပြောသည်။

ရခိုင်တွင် ၂၀၀၀ ခုနှစ်မတိုင်မီက ဆားလုပ်ကွက် ဧကပေါင်း ၁၀၀၀၀(တစ်သောင်း)ကျော် ရှိခဲ့ရာကနေ ၂၀၀၀ ပြည့်နှစ် အလွန်တွင် ဆားလုပ်ကွက် ဧက ၁၀၀၀(တစ်ထောင်)ကျော် ဝန်းကျင်ခန့်သာ ကျန်ရှိတော့ကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း၏ စာရင်းအရ သိရသည်။