CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၁၆

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ထွက်ရှိသည့် အရည်အသွေးမြင့် ဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့သွားမည်ဟု ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များ အသင်းထံမှ သိရသည်။

လက်ရှိတွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့ရန်အတွက် နှစ်ဖက် ကုန်သည်များ ဆောင်ရွက်ထားပြီး ဖြစ်သော် လည်း ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဘင်္ဂလားဒေ့ရှ်ကုန်သည်များကို လိုင်စင်ထုတ်ပေးရာ၌ ကြန့်ကြာမှုများ ရှိနေကြောင်း၊ ထိုသို့ ကြန့်ကြာနေခြင်းကြောင့် နှစ်နိုင်ငံသဘောတူညီမှုဖြင့် G to G တင်ပို့နိုင်ရန်အတွက် တင်ပြထားကြောင်း ရခိုင်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသန်းဝင်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ တင်ပို့ဖို့အတွက် ဟိုဘက်နိုင်ငံက ကုန်သည်တွေနဲ့ ချိတ်ဆက် ဆောင်ရွက်လို့ ပြီးပါပြီ။ ကျနော် တို့မှာ နည်းနည်းလောက် အခက်အခဲတစ်ခုက ဟိုဘက်နိုင်ငံက ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးတဲ့ လိုင်စင် တွေကပေါ့နော် တအားကြန့်ကြာတဲ့အတွက် နှစ်နိုင်ငံ မြန်မာအစိုးရနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ ဆွေးနွေးတဲ့အခါ ကျနော်တို့ ဆားကိစ္စကိုပါ ဆွေးနွေးဖို့အတွက် ကုန်သွယ်ရေးဝန်ကြီးဌာနကို ကျနော်တို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာအစိုးရဆီကနေ ဆန်တန်ချိန် ၂ သန်းကို ဝယ်ထား ပါတယ် ၅ နှစ်အတွင်းမှာလေ။ အဲဒါ ၁ သိန်းစီ၊ ၂ သိန်းစီ ပို့နေတာပေါ့လေ မြန်မာအစိုးရက။ အဲဒီအထဲမှာ ဆားကို လည်း G to G အစိုးရနဲ့ Government to Government စနစ်နဲ့ ဆွေးနွေးလို့ ရအောင်ဆိုပြီးတော့ ကျနော်တို့ အချက်အလက်တွေကို ပေးထားပါတယ်ခင်ဗျာ။ G to G အနေနဲ့ သွားနိုင်ဖို့လည်း တင်ပြထားပါတယ်ခင်ဗျ။ ကုန် သည် အချင်းချင်း လုပ်နိုင်ဖို့အတွက်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ် ကုန်သည်တွေကို ပါမစ်ချပေးတဲ့ အခါ ကြန့်ကြာမှု ရှိတဲ့အတွက် ဆွေးနွေးမှုတွေမှာ ဒါတွေကို ဆွေးနွေးပေးဖို့အတွက် ကျနော်တို့က တင်ပြထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဆားများ နေလှန်းထားသည်ကိုတွေ့ရစဉ်(GETTY IMAGES)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ မြေကြီးပေါ်တွင် လှန်းပြီး ပြန်လည်သန့်စင်သည့် ဆားနှင့် ပလက်စတစ်ပေါ်၌ လှန်းသော နေလှန်းဆားကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ တန်ချိန် ၁ သိန်း တင်ပို့မည်ဆိုပါက ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ ဆားများကို ထက်ဝက်စီ တင်ပို့မည်ဖြစ်သည်ဟု သိရသည်။

ရခိုင်ပြည်နယ်မှ ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မှု ရပ်ဆိုင်းနေသည်မှာ ၂၀၀၄ ခုနှစ် ကတည်းကပင်ဖြစ်ပြီး ၁၀ စု နှစ် တစ်ခုကြာပြီးမှသာ လက်ရှိ ပြန်လည် တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဆားများကို အရည်အသွေးမြင့် ထုတ်လုပ်နိုင်ရန်အတွက် ဆားတောင်သူများသည် နည်းပညာနှင့် အရင်းအနှီး လိုအပ်ချက် ရှိနေသည့်အတွက် နိုင်ငံတော်မှ ဆားထုတ်လုပ်ရာတွင် အသုံးပြုသည့် ပလက်စတစ် များနှင့် မြေကြီးတွင် လှန်းသော နေလှန်းဆားများကို ဆေးကြောသည့် စက်များကိုလည်း အကြွေးစနစ်ဖြင့် ပံ့ပိုး ပေးရန် လိုအပ်သည်ဟု ဆားတောင်သူတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ ဆားမှာ ဆားထုတ်လုပ်တဲ့ တောင်သူတွေမှာ မြေယာတွေ ဧက ၅၀၊ ၁၀၀ ရှိပြီးတော့ သူတို့မှာ အရင်းအနှီး မတည်ငွေတွေက နည်းပါတယ်ခင်ဗျ။ ကျနော်တို့ ၁၀ ဧကမှာ ၁ ဧက ပလက်စတစ် ခင်းရတာပေါ့နော်။ ပလက်စတစ်ခင်းရင် မြန်မာငွေ သိန်း ၄၀၊ ၅၀ လောက် ကုန်ပါတယ်။ ဆားထွက်တာတော့ ၂ ဆလောက် ထွက်ပါ တယ်။ ဒါပေမယ့် အဲဒါကို ရင်းဖို့အတွက် သူတို့မှာ အခက်အခဲ ရှိပါတယ်။ အဲတော့ အဲဒီပလက်စတစ်ကို ကျနော်တို့ စက်မှုဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်ဖြစ်၊ နိုင်ငံတော်က နိုင်ငံခြားကနေ အခွန်ကင်းလွတ်ခွင့်နဲ့ တင်ပေးတာ ဖြစ် ဖြစ်၊ ကျနော်တို့ကို အသုံးပြုစနစ်နဲ့ ပံ့ပိုးပေးဖို့ လိုပါတယ်။ နံပါတ် ၂ အချက်က ကျနော်တို့ ဒီဇယ်နဲ့ ကျနော်တို့ ဧက ၁၀၀ လောက်ဆိုရင် ကျနော်တို့ ဒီဇယ်နဲ့ အလုံး ၁၅ ပီပါလောက် ကုန်တာ ဖြစ်ပါတယ် တစ်ရာသီဆိုရင်လေ။ အဲ တော့ ဒီဇယ်နဲ့ သုံးမယ့်အစား ကျနော်တို့ ဆိုလာ pump နဲ့ သုံးတဲ့ နည်းပညာ လိုပါတယ်။ အဲဒီ ဆိုလာ pump နဲ့ တင်လိုက်မယ်ဆိုရင် ကျနော်တို့ ဆားတောင်သူတွေမှာ လုပ်ရတဲ့ ဒီဇယ်တွေ လျော့ကျသွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မြေကြီးမှာ လှန်းတယ်ဆိုလည်း မြေကြီးမှာ လှန်းတဲ့ဆားတွေကို pump နဲ့ ဆေးဖို့အတွက် pump တွေကိုလည်း ကျနော်တို့ အသုံးပြုစနစ်နဲ့ အကြွေးစနစ်တွေနဲ့ ကျနော်တို့ကို ၁ နှစ်၊ ၂ နှစ် အဲလို ပံ့ပိုးပေးဖို့ လိုပါ တယ် ခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဆားများ နေလှန်းထားသည်ကိုတွေ့ရစဉ်(GETTY IMAGES)

ရခိုင်ပြည်နယ်မှ ထုတ်လုပ်သည့် ဆားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြန်လည်တင်ပို့မည်ဆိုပါက ဆားတောင်သူများ အဆင်ပြေလာနိုင်ပြီး ဆားလုပ်ကွက်ဧကများလည်း တိုးလာနိုင်ကြောင်း၊ ထို့နောက် ဆားလုပ်ငန်း လုပ်ကိုင်မည့်သူ များပြားလာနိုင်ပြီး ဒေသခံများလည်း အလုပ်အကိုင်များ ရရှိလာမည်ဖြစ်သည်ဟု ဆားတောင်သူများက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြေပုံ၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် ဆားကို အဓိက လုပ်ကိုင် ကြပြီး ဆားလုပ်ကွက် ဧကပေါင်း ၃ ထောင်ကျော်ရှိပြီး ဆားတန်ချိန် ၂ သိန်းခန့် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆားတင်ပို့မည့် အချိန်တွင် ဒေသတွင်း ဆားဈေးနှုန်းများ မြင့်တက်လာနိုင်ပြီး တစ်ပိဿာ ၂၅၀ ကျပ်အထိ ရရှိနိုင်ကြောင်း၊ လက်ရှိတွင် ဆားတစ်ပိဿာ ဈေးနှုန်းသည် တစ်ပိဿာ ၁၅၀ ကျပ်ရှိကြောင်း သိရသည်။