CNI News

၂၀၂၄ ခုနှစ်၊ မေလ ၂၃

မလေးရှားတွင် ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ အော်ပရာစီ အဖမ်းအဆီး တစ်ကျော့ပြန် ပြန်လည်များလာနေပြီး မြန်မာနိုင်ငံသား အများအပြားလည်း ဖမ်းဆီးခံနေရကြောင်း မလေးရှားနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ နိုင်ငံခြားသား အလုပ်သမားဦးရေသည် လိုအပ်သည်ထက် ပို၍များပြားနေပြီဟု မလေးရှား သတင်းဌာန တစ်ခုမှ သတင်းရေးသားဖော်ပြခဲ့ပြီးနောက် ယခုကဲ့သို့ အဖမ်းအဆီးများ ပိုမို များပြားလာသည်ကို တွေ့ရကြောင်း မလေးရှားတွင် မြန်မာနိုင်ငံသားများအရေး ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လ.ဝ.က အကြီးဆုံးပုဂ္ဂိုလ်က သူကပြောထားပြီးသားရှိပါတယ်။ နိုင်ငံခြားသားတွေကို သူတို့ အစဉ်တစိုက် အချိန်မရွေး သူတို့ ဖမ်းဆီးမှုတွေ ပြန်လုပ်မယ်ပေါ့။ ပြီးတော့ အဓိကကတော့ နိုင်ငံခြားသားတွေ အများဆုံး စုဝေး တဲ့ နေရာတွေမှာ Target ထားပြီးတော့ ဖမ်းမယ်ပေါ့ အဆင့်လိုက် အဆင့်လိုက်ပေါ့။ အခု မြင်နေ တွေ့နေရတာ တော့ လောလောဆယ်မှာ စားသောက်ဆိုင်တို့ ဘာတို့မှာပေါ့‌ အဓိကထား ဖမ်းဆီးစစ်ဆေးနေတာ တွေ့ရသလို လမ်းသွားလမ်းလာရင်းနဲ့ နေရာစုံပါပဲ အိမ်တွေဘာတွေမှာလည်း ဝင်ဖမ်းတာမျိုးတွေ အများကြီး ရှိပါတယ်။ အဲဒီ တော့ သူတို့အဖမ်းအဆီးကတော့ ဆက်ရှိနေဦးမှာပဲ။ လက်ရှိမှာ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး မလေးနိုင်ငံသား တွေက ဘဝင်မကျတာတို့၊ သဘောမကျတာတို့၊ မနှစ်သက်တာတို့ အများကြီး complain တွေ ပြောထားတာတွေ ရှိတယ်။ အဲဒီအတွက်ကို နိုင်ငံခြားသားတွေ ဘယ်မှာရှိရှိ သတင်းပေးနေတာက ဒီနိုင်ငံသားတွေဆိုတော့ ပြောရ မယ်ဆို ဘယ်မှာပဲ ရှိနေရှိနေ၊ ဘယ်နေရာမှာပဲ တစ်ခါမှမရောက်ဖူးတဲ့ တောထဲတောင်ထဲတွေမှာတောင်မှ သူတို့ ဝင်စစ်ဆေးဖမ်းဆီးတာမျိုးတွေ အများကြီးရှိပါတယ်” ဟု ပြောသည်။

မလေးရှားရှိ ရွှေ့ပြောင်းများ ဖမ်းခံရစဉ်

ထိုသို့ ဝင်ရောက်ဖမ်းဆီးရာတွင် နိုင်ငံခြားသားရွှေ့ပြောင်း လုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားပြီးမှ တရားဝင် အထောက်အထား ရှိသူများဖြစ်ပါက ပြန်လည်စေလွှတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ အဖမ်းအဆီး ပြန်လည်များပြားလာသည့် ကာလတွင် ယခင်က အော်ပရာစီ မရှိသည်မှာ ကြာမြင့်ပြီ ဖြစ်သော နေရာဒေသများတွင်ပါ ဝင်ရောက် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း မလေးရှားတွင် နေထိုင်နေ သူများထံက သိရသည်။

မလေးရှားရဲများမှ ဝင်ရောက်ဖမ်းဆီးသည့်အခါတွင် ငွေကြေးတစ်စုံတစ်ရာ ပေးလိုက်ပါက အဆင်ပြေသွားသည့် အတွက် မလေးရှားနိုင်ငံသားများမှာ ရဲများအား တိုင်ကြားခြင်းထက် လ.ဝ.ကကိုသာ ယခုနောက်ပိုင်း အဓိက တိုင်ကြားလာကြခြင်းဖြစ်ကြောင်း  ရတနာစက္ကနာရေးကူညီမှုအသင်းမှ ဥက္ကဋ္ဌ ဦးအောင်က CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရှိ ရွှေ့ပြောင်းများ ဖမ်းခံရစဉ်

၎င်းက “အရင်က ၂ လ လောက်ငြိမ်သွားတယ်။ အခုနေ့စဉ်ဆိုသလို တစ်နေရာထဲကို ၃ ကြိမ်လောက် ဝင်ဝင်နေ တာ အဲဒီလိုဖြစ်နေတယ်။ ဘာဖြစ်လို့ဆို ဒီမှာက ပြောမယ်ဆိုရင် အလုပ်တွေကလည်း တချို့ ကုမ္ပဏီတော်တော် များများက ဗီယက်နမ်တို့၊ အင်ဒိုနီးရှားတို့ တော်တော်များများ ပြောင်းသွားကြပြီ။ ပြောင်းသွားပြီဆိုတော့ အလုပ် သမားက နိုင်ငံခြားသားမပြောနဲ့ ဒီနိုင်ငံသားတွေတောင် အလုပ်က တော်တော်လေး ခက်သွားပြီ။ ရှားနေတယ်ပေါ့ လေ။ အရမ်းရှားသွားပြီ။ နိုင်ငံရေးသမားတွေကလည်း သူတို့အချင်းချင်း အထဲမှာ ပွတ်တိုက်မှုတွေတော့ ရှိနေကြ တယ်ပေါ့လေ။ သူတို့ရဲ့ Politics အပေါ်မှာ မူတည်ပြီးတော့ ဖြစ်ရတာဆိုတော့ နိုင်ငံခြားသားတွေအဖို့တော့ ကြပ်ပြီးရင်း ပိုကြပ်တည်းသွားတယ်။ Politics က အခြေအနေက ဘယ်လိုမှန်းကို မသိတာ။ ဖမ်းတဲ့နေရာ တော် တော်များများကတော့ သူတို့ရဲ့ စီမံကိန်းနဲ့ဖမ်းတာထက် complain များမှုတွေက အဓိကပေါ့လေ” ဟု ပြောသည်။

မလေးရှားနိုင်ငံ၊ ဆလန်ဂေါပြည်နယ်၊ ကလန်းမြို့၌ ယခုရက်ပိုင်းအတွင်း တရားမဝင် ဝင်ရောက်လာကြသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၇၀ ခန့် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မလေးရှားရှိ ပရဟိတအဖွဲ့အစည်းများမှ ၎င်း အဖမ်းအဆီးသည် ဆက်လက် ရှိနေဦးမည်ဟု ခန့်မှန်းထားကြပြီး မလေးရှားရောက် မြန်မာနိုင်ငံသာများအနေဖြင့် အတိုင်အကြား မခံရစေရန် အထူးသတိပြု နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။