CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၄

ထိုင်းတွင် ‌ဖေဖော်ဝါရီ လလယ်နောက်ပိုင်း၌ အထောက်အထားများ ပြုလုပ်ပေးသည့် သတ်မှတ်ကာလ ပြီးစီးပြီ ဖြစ်၍ တရားမဝင် အထောက်အထားမဲ့များအပေါ် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုများပြားလာနိုင်သည်ဟု ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ဇန်နဝါရီ ၁၀ ရက် နောက်ပိုင်းမှစတင်ကာ ထိုင်းနိုင်ငံ နေရာအနှံ့အပြားတွင် ဖမ်းဆီးစစ်ဆေးမှုများ ပြန်လည် စတင် နေခြင်းဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံသို့ အလွှာပေါင်းစုံမှ ခိုးဝင်ကာ ခိုလှုံမှုများ စိပ်လာသည့်အတွက် တာ့ခ်ခရိုင်တစ်ခု တည်းတွင် နေ့စဉ် အဖမ်းအဆီးများ ရှိနေကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေး နေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ယာယီအလုပ်သမား လက်မှတ်ရဲ့ တည်ဆဲဥပဒေအရက တစ်ပိုင်းသွားပေမယ့် ယာယီအလုပ်သမား လက်မှတ် အဟောင်းပဲရှိတယ် သက်တမ်းမတိုးဘူးဆိုရင်တော့ အဖမ်းခံရတဲ့အခါ ဒဏ်ငွေဆောင်ရုံနဲ့ ပြည်တော် ပြန်ကို ပြန်ပို့ခံရတယ်။
 
တကယ်လို့ ဗီဇာကိုင်ထားပြီး CI စာအုပ်ထဲမှာ ဗီဇာသက်တမ်းရှိတယ်။ လာမယ့် ၁၃ ရက် ဖေဖော်ဝါရီမှာ ဗီဇာသက်တမ်းကုန်တယ်၊ ဗီဇာသက်တမ်းတိုးရမယ့်လူတွေ ဗီဇာတိုး၊ မတိုးကို သတ်မှတ်တဲ့ အချိန် ရောက်ရင် ကွန်ပျူတာထဲကနေ သူတို့စစ်ဆေးမယ်၊ လူဘယ်နှစ်ထောင်ကျန်ခဲ့လဲ၊ လူဘယ်နှစ်သောင်း ကျန်ခဲ့လဲ။ အဲဒီတော့ ဗီဇာမတိုးဘဲ ကျန်ခဲ့တယ်ဆိုရင် Work Permit ရဲ့ လိပ်စာအရ သွားရောက် စုံစမ်းစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်လာမယ်။ visa section ရဲ့ ဥပဒေအရဆိုရင် သူက ၁ နှစ်ကနေ ၅ နှစ်အထိ blacklist လုပ်ခွင့် ရှိတာ ဖြစ်တဲ့အတွက် ဗီဇာသက်တမ်းမတိုးဘဲ ကျန်ခဲ့တဲ့ မြန်မာပြည်သားတွေဆိုရင်လည်း အဖမ်းခံရစရာ အကြောင်းရှိတယ်။ ဒဏ်ငွေ များများစားစား ဆောင်ရမယ်။ ပြီးရင် ပြည်တော်ပြန် ပို့ခြင်းခံရမယ်” ဟု ပြောသည်။

ထိုင်းရှိ အလုပ်ရုံတစ်ခုကို တွေ့ရစဉ်

ထိုင်းအာဏာပိုင်များမှ တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးမှု များပြားလာခြင်းသည် ပိတ်သိမ်း သွားပြီဖြစ်သည့် ယာယီအလုပ်သမားလက်မှတ် လျှောက်ထားမှုအား VIP လမ်းကြောင်းဖြင့် လျှောက်၍ရသေး ကြောင်း ပွဲစားများ၏ စည်းရုံးမှုကြောင့် တရားမဝင် တက်လာကြသူ များပြားလာသည့်အတွက်ဖြစ်သည်ဟုထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများထံက သိရသည်။

ထို့အပြင် အခြားသူများအား လာရောက်စစ်ဆေးသည့် အခါမျိုးတွင် အထောက်အထားမဲ့များအား တွေ့ရှိ သဖြင့် အဖမ်းခံလိုက်ရကြောင်း၊ ကမ္ဘောဒီးယား- ထိုင်းနယ်စပ်တွင် ရာဇဝတ်မှုနှင့်ပတ်သက်၍ အစစ်အဆေး ပိုမို များလာသဖြင့် ၎င်းဘက်အခြမ်းရှိ မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အထူးသတိထားရန် လိုအပ်ကြောင်း လည်း ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက အကြံပြုသည်။

ထို့အပြင် ထိုင်းအာဏာပိုင်များသည် မဲဆောက်မြို့၌ ငွေကြေးတောင်းခံမှုများ ပြန်လည်စတင်နေသည်ဟု ကြားသိရကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းအာဏာပိုင်တချို့ အလုပ်ရုံတစ်ခုမှာ လိုက်စစ်ဆေးနေစဉ်

၎င်းက “ထိုင်း-မြန်မာနယ်စပ်မှာတော့ အထူးသဖြင့်တော့ သေချာမသိသေးဘူး။ မနေ့ကတော့ ၁၀ နှစ်ကဒ်လို ကိုင် ထားတဲ့ လူတွေဆိုရင် ပိုက်ဆံတောင်းတဲ့ဟာတွေ စလာတယ်။ အဲဒီအထဲမှာ ပန်းရောင်ကဒ်တွေလည်း ပါတယ်လို့ ကြားတယ်။ မဲဆောက်ဘက် အခြမ်းမှာပေါ့။ ရနောင်းဘက်မှာတော့ အဲဒါမျိုး မကြားရသေးဘူး။ ဒါပေမယ့် ပုံစံချင်း က မတူဘူး။ ရနောင်းမှာကြတော့ အဲဒီလို ၁၀ နှစ်ကဒ်နဲ့ နေတဲ့သူက မရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် သူတို့ က အဲဒီလောက် ပြဿနာမများဘူး။ မရှုပ်ဘူးပေါ့။ မဲဆောက်ဘက်မှာတော့ လူက အရမ်းများတာကို။ အဲဒီအခါ ကြတော့ ပြဿနာတွေဘာတွေ ကြားရတယ်။ ထိုင်းဘက်က‌ တောင်းတာလို့ ပြောတယ်။ ဟိုဟာက တရားမဝင် လား၊ တရားဝင် တောင်းတာလား မသိရသေးဘူး” ဟု ပြောသည်။

အမည်စာရင်း (Name list) ကျထားပြီးသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် ဖမ်းဆီးခြင်း မခံရသော် လည်း အခြားဆက်လက် ဆောင်ရွက်ရမည့် ပါမစ်လုပ်ငန်းစဉ်များအား မဆောင်ရွက်ဘဲ သတ်မှတ်ကာလ ကျော် လွန် သွားမည်ဆိုပါက အဖမ်းအဆီးခံရနိုင်ကြောင်း ထိုင်းရှိ ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက် ပေးနေသူများက ပြောသည်။