CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၅

ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အရေးကိစ္စနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အလုပ်သမားဝန်ကြီးဌာနသည် တစ်စုံတစ်ရာ ကူညီဆောင်ရွက် မပေးနိုင်ဘဲ အမည်ခံသာဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။ 

ရွှေ့ပြောင်းအလုပ်သမားများသည် နစကအား မကြိုက်နှစ်သက်သော်လည်း အထောက်အထားများရှိမှသာ နေထိုင်အလုပ်လုပ်ကိုင်ခွင့်ရှိသဖြင့် မဖြစ်မနေပြုလုပ်ကြရကြောင်း၊ NUG အလုပ်သမားဝန်ကြီးဌာနသည် အလုပ်သမားအရေးနှင့်ပတ်သက်၍ သေချာမသိရှိသဖြင့် အလုပ်မလုပ်တတ်ကြောင်း ၎င်းက ပြောသည်။

“ဗမာစစ်တပ်ကို မကြိုက်ရင်လည်း ကျနော်တို့သည် CI စာအုပ်ကို မဖြစ်မနေ လုပ်ကိုလုပ်ရမယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့နိုင်ငံသားတွေသည် အထောက်အထားမရှိရင် ဒီဘက်မှာ အဖမ်းခံရမယ်။ မိသားစုရဲ့ စားဝတ် နေရေးတွေ အခက်အခဲတွေရှိတဲ့အတွက် CI ကို မဖြစ်မနေ လုပ်ရတယ်။ မြန်မာပြည်သူတွေ ရွေးချယ် တင်မြှောက်ထားတဲ့ NUG အစိုးရလက်အောက်ခံ ဝန်ကြီးဌာနဟာလည်း အလုပ်မလုပ်တတ်ဘူး၊ အလုပ်သမား အရေးကလာတဲ့လူမဟုတ်တဲ့အတွက် အလုပ်သမားအရေး ဘာမှမသိဘူး၊ အမည်ခံပဲဖြစ်တယ်။ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မြန်မာ ၅ သန်းကျော်ရဲ့ အရေးကိစ္စကို NUG အစိုးရလည်း ဘာတစ်ခုမှ ကောင်းကျိုးမပြုနိုင်သလို မကူညီဆောင်ရွက်မပေးနိုင်သလိုမျိုး စစ်တပ်က ဝန်ကြီးဌာနတွေကလည်း ရတဲ့ နည်းလမ်းနဲ့ ပိုက်ဆံယူမယ်၊ ဂုတ်သွေးစုပ်မယ်ပေါ့” ဟု ၎င်းက ပြောသည်။

ထို့အပြင် လက်ရှိတွင် ထိုင်း-မြန်မာ နှစ်ဖက်အစိုးရ အစီအစဉ်ဖြင့် ထိုင်းအလုပ်ရှင်များမှ အမည်စာရင်း တင်သွင်းထားသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ကိုးသိန်းနီးပါးခန့်အား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်များထုတ်ပေးမည်ဖြစ်သည်။

ထိုသို့ ထုတ်ပေးရာတွင် တရားဝင်သတ်မှတ်နှုန်းထားသည် ထိုင်းဘတ်ငွေ ၃၀၀ ကျော်သာ ရှိသော်လည်း အခြား အမည်မဖော်နိုင်သည့် ကုန်ကျစရိတ်များကြောင့် သတ်မှတ်နှုန်းထားထက် ပိုမိုဈေးတက်သွားခြင်းဖြစ်ကြောင်း၊ ၎င်းဈေးနှုန်းများအပေါ်မူတည်ကာ ပွဲစားအေဂျင်စီများမှလည်း ဝန်ဆောင်ခများကို တောင်းဆိုကြခြင်း ဖြစ်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

“၂၀၂၃ နှစ်ကုန်ပိုင်းအထိမှာတော့ ဒီဇင်ဘာလအတောအတွင်းမှာတော့ အေဂျင်စီတွေနဲ့ one stop service center နဲ့က အထောက်အထားနဲ့ ပတ်သက်ပြီးညှိနှိုင်းတဲ့ဟာ သိပ်ပြီးတော့ မရသေးဘူးပြောတယ်။ ဗမာဘက်အခြမ်း ကနေ ကုန်ကျစရိတ်ကို တောင်းတဲ့ဟာမှာ ဥပမာ CI အထောက်အထားက တကယ့်တကယ်ဆိုရင် ၃၁၀ ပေါ့။ အဲဒါက လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကတည်းက ၇၀၀ ကျော်ဖြစ်သွားပြီ။ ကျန်တဲ့ဟာက ဘောက်ချာမပါတဲ့ဟာပေါ့။ နောက်တစ်ခုက ၂၀၂၃ ထဲမှာပဲ ၁၀၀၀ ဝန်းကျင်ဖြစ်သွားပြီ။ အခု လုပ်မယ့်ဟာတွေကြတော့ အဲဒီလောက်ထက် ပိုမလား ဘာလားကတော့ ဟိုဘက်ကနေ one stop service center မှာရှိတဲ့ ဝန်ဆောင်မှုပေးတဲ့ ဌာနဆိုင်ရာနဲ့ ဌာနဆိုင်ရာကနေ တဆင့်ခံလုပ်ထားတဲ့ အကျိုးတော်ဆောင်တွေရှိတယ်။ သူတို့အပေါ်မူတည်ပြီးတော့ ကုန်ကျစရိတ်တွေက အနည်း၊ အများဖြစ်နိုင်တယ်။ အကြမ်းဖျင်း ဒီမှာကုန်တဲ့ဟာက ၁ သောင်းခွဲဝန်းကျင်လို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိ ထိုင်းတွင် ‌ဖေဖော်ဝါရီ လလယ်နောက်ပိုင်း၌ အထောက်အထားများ ပြုလုပ်ပေးသည့် သတ်မှတ်ကာလ ပြီးစီးပြီ ဖြစ်၍ တရားမဝင် အထောက်အထားမဲ့များအပေါ် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုများပြားလာနိုင်ကြောင်း လည်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်သည်။

ထိုထဲတွင် အမည်စာရင်း (Name list) ကျထားပြီးသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအနေဖြင့် အခြား ဆက်လက်ဆောင်ရွက်ရမည့် ပါမစ်လုပ်ငန်းစဉ်များအား မဆောင်ရွက်ဘဲ သတ်မှတ်ကာလ ကျော်လွန်သွားပါက အဖမ်းအဆီးခံရနိုင်ကြောင်းလည်း ၎င်းတို့က ပြောသည်။