CNI International News

ဟနွိုင်း၊ ဇန်နဝါရီ ၂၄

ဂျာမနီအစိုးရသည် တရုတ်အပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းနေချိန်တွင် ဂျာမနီသမ္မတ ဖရန့် ဝေါ်လ်တာ စတိုင်မိုင်ယာ (Frank-Walter Steinmeier) နှင့် ဂျာမနီစီးပွားရေး ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ဂျာမနီ၏ ထိပ်သီး မော်တော်ယာဉ်နှင့် နည်းပညာဝန်ဆောင်မှုကုမ္ပဏီ Bosch ဦးဆောင်သည့် ဂျာမနီကုမ္ပဏီများ သည် အရှေ့တောင်အာရှ၏ ကုန်ထုတ်လုပ်ရေး ရပ်ဝန်းဖြစ်သော ဗီယက်နမ်တွင် ဒေါ်လာ ၃ ဘီလျံကျော် ရင်းနှီး မြှုပ်နှံထားကြောင်း ဗီယက်နမ်ရှိ ဂျာမနီကုန်သည်ကြီးများအသင်းက ထုတ်ပြန်ခဲ့သည်။ 

ခရီးစဉ်အတွင်း စတိုင်မိုင်ယာနှင့် ဂျာမနီအလုပ်သမားရေးဝန်ကြီး ဟူဘာတပ်စ် ဟေးလ် (Hubertus Heil) တို့သည် ဗီယက်နမ် အလုပ်သမားများကို ဂျာမနီသို့ လွှဲပြောင်းပို့ဆောင်မှု အဆင်ပြေချောမွေ့စေရန် အပါအဝင် ကျွမ်းကျင် လုပ်သားများ ခေါ်ယူရေးနှင့်ပတ်သက်ပြီး ဗီယက်နမ် ခေါင်းဆောင်များနှင့် နားလည်မှု စာချွန်လွှာတစ်ခု လက်မှတ် ရေးထိုးခဲ့သည်။

ဗီယက်နမ်သမ္မတ ဗိုဗန်သွန်း (Vo Van Thuong) နှင့် အစည်းအဝေး လုပ်ခဲ့ပြီးနောက် ဗီယက်နမ်နိုင်ငံတွင် လုပ်ငန်းများပြုလုပ်ရန် ကုမ္ပဏီအချို့နှင့် ဆွေးနွေးခဲ့ကြောင်း ဂျာမနီသမ္မတ စတိုင်မိုင်ယာက ပြောကြားခဲ့သည်။

ဂျာမနီအလုပ်သမားရေးဝန်ကြီး ဟူဘာတပ်စ်ဟေးလ်ကို တွေ့ရစဉ်

ဗီယက်နမ်သမ္မတ သွန်းကလည်း ပြန်ပြည့်မြဲ စွမ်းအင်နှင့် အခြေခံ အဆောက်အအုံကဏ္ဍတွင် ဂျာမနီရင်းနှီးမြှုပ်နှံ မှုများကို ကြိုဆိုကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

ဗီယက်နမ်သို့ ရောက်ရှိလာသည့် ဂျာမနီစီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် မြေအောက်လိုဏ်ခေါင်းများ တူးဖော် သည့် စက်ယန္တရားကဏ္ဍတွင် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်ကို လွှမ်းမိုးထားသော ဂျာမနီ၏ Herrenknecht ကုမ္ပဏီ လည်း ပါဝင်ခဲ့သည်။

ဗီယက်နမ်အစိုးရသည် နိုင်ငံ၏ မီးရထားလမ်းနှင့် မြေအောက် မီးရထားလမ်းစနစ်ကို ချဲ့ထွင်ရန် စီစဉ်နေချိန်တွင် Herrenknecht ကုမ္ပဏီသည် ယခင်ကတည်းက ဟိုချီမင်းစီးတီး (Ho Chi Minh City) မြို့တွင် မြေအောက်ရထား လမ်းတည်ဆောက်ရန်အတွက် လိုအပ်သည့် ပစ္စည်းကိရိယာများကို ရောင်းချပေးခဲ့သည်။ 

ဂျာမနီသမ္မတ ဖရန့်ဝေါ်လ်တာစတိုင်မိုင်ယာကို တွေ့ရစဉ်

 ထို့ပြင် ဗီယက်နမ်သို့ ရောက်ရှိလာသည့် ဂျာမနီစီးပွားရေး ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်ခဲ့သည့် ဂျာမနီ၏ လေအားလျှပ်စစ်ကုမ္ပဏီဖြစ်သည့် PNE AG ကုမ္ပဏီကလည်း ဗီယက်နမ်၌ လေအားလျှပ်စစ် စက်မှုကဏ္ဍတွင် ဈေးကွက်ချဲ့ထွင်လိုသော အစီအစဉ်များကို အရိပ်အမြွက်ပြသခဲ့သည်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ဗီယက်နမ်သို့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှောဇ် (Olaf Scholz) ရောက်ရှိခဲ့ပြီးနောက် စတိုင်မီယာသည် ဗီယက်နမ်သို့ လာရောက်ခဲ့ခြင်းဖြစ်ပြီး ထိုခရီးစဉ်သည် ဆယ်စုနှစ် တစ်စုကျော်အတွင်း ဗီယက်နမ်သို့ ဂျာမနီသမ္မတတစ်ဦး ရောက်ရှိလာသည့် ပထမဆုံး ခရီးစဉ်ဖြစ်သည်။

Source: ရိုက်တာ