CNI International News
မနီလာ၊ မေလ ၂၁
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာ (Ferdinand Marcos Jr.) က သက်တမ်းဝက် ရွေးကောက်ပွဲအပြီး ၅ ရက် အကြာတွင် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းစဉ်ကို အာရုံစိုက် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
မကြာသေးမီက ပြုလုပ်ခဲ့သည့် သက်တမ်းဝက် ရွေးကောက်ပွဲတွင် ၎င်း၏ ကိုယ်စားလှယ်လောင်းများသည် အထက်လွှတ်တော်၌ ယခုထက်ပိုပြီး အနိုင်ရခဲ့သင့်ကြောင်းလည်း ဝန်ခံပြောကြားခဲ့သည်။
“ဒီထက်ပိုပြီးကောင်းတဲ့ ရလဒ်တွေကို မျှော်လင့်ခဲ့တာပါ။ ဒါပေမယ့် ကျနော်တို့ ထပ်ပြီး တိုက်ပွဲဝင်ရပါလိမ့်မယ်” ဟု မားကို့စ်က မေလ ၁၇ ရက်တွင် ပြောကြားခဲ့သည်။
သက်တမ်းဝက် ရွေးကောက်ပွဲတွင် အထက်လွှတ်တော်၏ နေရာ ၁၂ နေရာစလုံးကို အနိုင်ရရန် မားကို့စ်က မျှော်မှန်းထားသော်လည်း ၅ နေရာကိုသာ အနိုင်ရရှိခဲ့သည်။
လက်ရှိတွင် မားကို့စ်သည် နိုင်ငံ့စီးပွားရေး လုပ်ငန်းစဉ်များအား အာရုံစိုက် လုပ်ဆောင်လျက်ရှိပြီး ဝယ်လိုအားကို ထိန်းသိမ်းပြီး အစားအစာ လုံခြုံရေးကို စိတ်ချသေချာအောင် လုပ်ဆောင်နေသည်ဟု ဆိုသည်။
ဖိလစ်ပိုင်နိုင်ငံကို တွေ့ရစဉ်
ထို့ပြင် COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နစ်နာခဲ့ရသည့် အခြေအနေကို လျှော့ချပြီး macroeconomic အခြေခံ အုတ်မြစ်များကို ထိန်းသိမ်းကာ အရည်အသွေး ပိုမိုကောင်းမွန်သော အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးရန် ရည်ရွယ်ထားသည်ဟု မားကို့စ်က ပြောသည်။
အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “ပိုကောင်းအောင် တည်ဆောက်” (Build Better More) ဟူသည့် စီမံကိန်းဖြင့် သယ်ယူပို့ဆောင်ရေး၊ စွမ်းအင်၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေးကဲ့သို့ နယ်ပယ်ကဏ္ဍ အသီးသီးတွင် စီမံကိန်း ၁၉၄ ခု ပါဝင်သည့် အခြေခံအဆောက်အအုံ စီမံကိန်းများကို ဆက်လက် လုပ်ဆောင် နေသည်ဟု ဆိုသည်။
အဆိုပါ စီမံကိန်း ၁၉၄ ခုအနက် ၁၂၃ ခုသည် မားကို့စ်အစိုးရအဖွဲ့ လက်ထက်တွင် အသစ် ဖန်တီးခဲ့သည့် စီမံကိန်းများဖြစ်သည်။
ထို့ပြင် ၂၀၂၈ ခုနှစ်တွင် ဘတ်ဂျက် လိုငွေပြမှုကို ၆ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများကိုလည်း သင့်တော်သလို ထိန်းညှိဆောင်ရွက်သွားမည်ဟု မားကို့စ်က ပြောကြားခဲ့သည်။
Source: Nikkei Asia