CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉

မလေးရှားတွင် နိုင်ငံခြားသား အလုပ်သမားအသစ် ခေါ်ယူရန်ရှိသည့်အတွက် တရားမဝင် အထောက်အထားမဲ့ များအား ရှင်းထုတ်နေခြင်း ဖြစ်နိုင်သည်ဟု မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက CNI သတင်းဌာနသို့ ပြော သည်။

ပြီးခဲ့သည့်ရက်ပိုင်းက သတင်းစာရှင်းလင်းပွဲတွင် မလေးရှားပြည်ထဲရေးဝန်ကြီးသည် နိုင်ငံ ၁၅ နိုင်ငံမှ နိုင်ငံခြား သား အလုပ်သမား ၆ သိန်းခန့် ခေါ်ယူမည်ဟု ပြောဆိုပြီးနောက် တရားမဝင် အထောက်အထားမဲ့များအား ဖမ်းဆီးမှု ပိုမိုများပြားလာသည့်အတွက် ယခုကဲ့သို့ သုံးသပ်ကြခြင်းဖြစ်ကြောင်း မလေးရှား၌ မြန်မာများအား ကူညီဆောင်ရွက်ပေးနေသူ ဦးဘာဘူကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သတင်းထောက်တစ်ယောက်က ထမေးတာ မလေးရှားမှာရှိတဲ့ တရားမဝင် နိုင်ငံခြားသား အလုပ်သမား တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ သူပြောလိုက်တဲ့ တစ်ခွန်းတော့ရှိတယ်။ အဲဒီထဲမှာ သူဘာပြောလဲ ဆိုတော့ အခုငါတို့ရဲ့ သတင်းစာရှင်းလင်းပွဲက တရားမဝင် နိုင်ငံခြားသား အလုပ်သမားတွေအတွက် လုံးဝ မပါဘူး ပေါ့နော်။ ဆိုလိုတဲ့ သဘောကတော့ လောလောဆယ် လက်ရှိ တရားမဝင် အလုပ်သမားတွေအတွက် ဘာမှ စဉ်းစားထားတာ မရှိသေးဘူး။ အဲဒီအတွက် ဘာမှ ထုတ်ပြန် ကြေညာထားခြင်းလည်း မရှိဘူး။ ဥပမာ ပါမစ်ချပေး ဖို့၊ တရားမဝင်တွေကို တရားဝင် လုပ်ပေးဖို့ဆိုတာ သူတို့မှာ ဘာမှ Plan မရှိသေးဘူး။ အဲဒီတော့ ကျနော့်အမြင်မှာ ပြောရမယ် ဆိုရင်တော့ လူသစ်တွေပဲ သူတို့ ထပ်ခေါ်မယ်ဆိုရင် လက်ရှိ မလေးရှားနိုင်ငံ အတွင်းမှာရှိတဲ့ တရား မဝင် နိုင်ငံခြားသား အလုပ်သမားတွေကို သူတို့ ရှင်းထုတ်ဖို့ပဲ ရှိတယ်။ အဲဒီအတွက်ကို အခုသူတို့ ပိုမိုပြီးတော့ ဖမ်းဆီးနေတာကို တွေ့မြင်ရတာပေါ့နော်။ အရင်က ထက်တောင်မှ ပိုဆိုးနေတယ်။ အဲဒါကြောင့်မို့လို့ လူသစ်တွေ ထပ်ခေါ်ဖို့အတွက် လူဟောင်းတွေကို ရှင်းထုတ်လိုက်တဲ့ အနေအထားမျိုးလို့ပဲ ကျနော် ထင်တာပေါ့လေ” ဟု ပြော သည်။

မလေးရှားအာဏာပိုင်များက တရားမဝင် အလုပ်သမားများကို စိစစ်နေစဉ်

ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့ တစ်ရက်တည်းတွင် မလေးရှား၌ မြန်မာအပါအဝင် တရားမဝင် အထောက်အထားမဲ့ နိုင်ငံခြားသား တစ်ထောင်ကျော်အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုင်ငံခြားသား အလုပ်သမားအသစ် ခေါ်ယူရန်အတွက် ယခုကဲ့သို့ မြန်မာ အပါအဝင် တရားမဝင် အထောက် အထားမဲ့ နိုင်ငံခြားသားများအား ဖမ်းဆီး၍ ရှင်းထုတ်ခြင်းမှာ မှန်ကန်ပါက အဖမ်းအဆီးများ ယခုထက် ပိုမို များပြား လာဦးမည်ဖြစ်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက သုံးသပ်သည်။

မလေးရှားနိုင်ငံတွင် ယခုရက်ပိုင်း အဖမ်းအဆီးများသည် စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းခွင်များတွင် သာမက နိုင်ငံခြားသား အများစုနေထိုင်ကြသည့် ဒေသမှ နေအိမ်များတွင်ပါ လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး ထိုသို့ ဖမ်းဆီးရာတွင်လည်း နေရာတစ်ခုအား တစ်ရက်တည်း၌ တစ်ခါထက်မနည်း ဝင်ရောက် စစ်ဆေးဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် တရားမဝင် အထောက်အထားမဲ့များနှင့် ဒုက္ခသည် တိုင်းရင်းသားများအနေဖြင့် အထူးသတိထားကြရန် ရခိုင်ဒုက္ခသည်များဗဟို (Center for Arakan Refugees) မှ ညွှန်ကြားရေးမှူးချုပ် ဦးညီညီလွင်က CNI သတင်းဌာ နသို့ ပြောသည်။

 မလေးရှားအာဏာပိုင်များက တရားမဝင် အလုပ်သမားများကို ဖမ်းဆီးဖို့ ရှာဖွေနေစဉ်

၎င်းက “စားသတိ၊ သွားသတိ၊ လာသတိ၊ နေသတိပေါ့နော်။ နောက်တစ်ခါ မူးယစ်ပြီးတို့ ခိုက်ရန်ဖြစ်ပွားတာတို့၊ ကိုယ်က တရားဝင်နေထိုင်တာ မဟုတ်တော့ ဒါတွေကို ဆင်ခြင်ဖို့လိုတယ်။ နှိမ့်ချပြီးတော့ အသံမထွက်အောင် နေဖို့ လိုတာပေါ့နော်။ နောက် အတတ်နိုင်ဆုံးကတော့ ဒေသခံတွေကို ရိုးသားဖို့လိုတယ်။ သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို လေးစား အသိအမှတ်ပြုဖို့လိုတယ်။ အချင်းချင်း ဆက်ဆံပြောဆိုပြီးတော့ သတိပေး ထိန်းကွပ် ဖို့တော့ လိုတယ်။ ဘာလို့ဆို သိန်းနဲ့ချီ ရှိနေတဲ့ဟာကြတော့။ အထူးသဖြင့် ဒေသခံတွေရဲ့ စိတ်ထဲမှာ ငြိုငြင်လာရင် တော့ အာဏာပိုင်တွေ မလွှဲမရှောင်သာ လုပ်ဆောင်ရတဲ့ အပိုင်းတွေရှိတာပေါ့။ အဲဒါလေးကို ၄၊ ၅၊ ၆ လပေါ့နော်။ ဘယ်လို အခြေအနေ ဖြစ်လာမယ် မသိခင် ဆက်ကြားမှာ အကုန်လုံးက အလုံးစုံပိုင်းပေါ့။ ဆိတ်ဆိတ် ငြိမ်ငြိမ်လေး နဲ့ နှိမ့်ချပြီးတော့ နေတာ အကောင်းဆုံးပဲ” ဟု ပြောသည်။

မလေးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးသည် နိုင်ငံ ၁၅ နိုင်ငံမှ နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ယူမည် ဆိုသော်လည်း မည်သည့်နိုင်ငံမှ ခေါ်ယူမည်ဆိုသည်ကိုတော့ အတိအကျ မပြောကြားခဲ့သဖြင့် မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်ချင်သည့် မြန်မာများအနေဖြင့် လူအလိမ် မခံရစေရန် သတိပြုသင့်ကြောင်း မလေးရှားရှိ မြန်မာအဖွဲ့အစည်းများက ပြောသည်။

မလေးရှားသို့ လာရောက် အလုပ်လုပ်ကိုင်မည့် သူများနှင့် မလေးရှားရှိ မြန်မာများအနေဖြင့် ၎င်းတို့နိုင်ငံမှ သတင်းများအား အမြဲမပြတ် ဖတ်ရှုလေ့လာပြီး ဂရုတစိုက်ရှိသင့်ကြောင်းလည်း ၎င်းတို့က အကြံပြုသည်။