CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အစေ့ထုတ်ပြောင်း တန်ချိန် ၆ သောင်းကို ပုသိမ်ဆိပ်ကမ်းမှတဆင့် ထိုင်းသို့ သင်္ဘောဖြင့် စတင် တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။

ထိုသို့ သင်္ဘောဖြင့် တင်ပို့ခြင်းအားဖြင့် ကုန်တင်တွဲကား ငှားရမ်းရခက်သည့် အခက်အခဲများကို ကျော်လွှားနိုင်ခဲ့ သလို ကုန်သွယ်ရေး လမ်းကြောင်းတွင် အချိန်ကြန့်ကြာနေမှုနှင့် တန်ဆာခစရိတ်များ လျော့ကျသွားမည် ဖြစ်သည် ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

ပြောင်းများ နေပူလှန်းထားသည်ကိုတွေ့ရစဉ်

ဦးသန့်ဇင်ထွန်းက “လောလောဆယ်တော့ တန် ၆ သောင်းကို ကုမ္ပဏီတစ်ခု ကနေပြီးတော့ ဟိုဘက်က ထိုင်း ကုမ္ပဏီကလည်း ထိုင်းနိုင်ငံ Kantang အောက်ဘက်မှာရှိတဲ့ ဆိပ်ကမ်းတစ်ခုမှ လက်ခံပြီးတော့ ဒီဘက်ကလည်း ပုသိမ်ဆိပ်ကမ်းကနေ တင်ပို့မယ်ပေါ့။ ဒါက လောလောဆယ်ဆယ် ပို့နေတဲ့ဟာပေါ့နော်။ အဲဒီတော့ အဲဒီဟာ ပို့တာ က ဘာတွေ အကျိုးသက်ရောက် နိုင်လဲဆိုတော့ အဲဒီကနေ ပို့နိုင်ရင်တော့ ရန်ကုန်ဆိပ်ကမ်းမှာ သင်္ဘောကြပ်တာ မျိုးတို့၊ နောက်ပြီး ဧရာဝတီထွက်ကုန်တွေကို ဧရာဝတီဆိပ်ကမ်းကနေ သွားတာမျိုးတို့ပေါ့နော် ဧရာဝတီက အဲဒီ အတွက်တော့ ကုန်းလမ်းကနေသွားလို့ ကားကြပ်တာမျိုးတို့၊ အခုဆိုရင် ကုန်းလမ်းကနေသွားလို့ တခါတလေ တွဲ ကားတွေ ငှားမရဘူးတို့ပေါ့နော် ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်တာပေါ့၊ ရေလမ်းကနေ သွားတဲ့အတွက် ကြောင့်။ ဒါကတော့ ကောင်းတဲ့ဘက်ကနေ ကောင်းတယ်ဆိုတာမျိုးတော့ လူတွေမြင်ရတာ။ ဒီလို ရေလမ်းကနေ သွားတာ တွဲကားတွေ အများကြီး မသုံးရတော့ဘူး။ တန်ဆာခတွေ လျော့ကျသွားတယ်။ ဧရာဝတီတိုင်းက ထွက် ကုန်တွေကို ဧရာဝတီ ဆိပ်ကမ်းကနေ တင်တဲ့အတွက်ကြောင့် စရိတ်စက သက်သာနိုင်တယ်ပေါ့နော်” ဟု ပြော သည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ပြောင်းများကို ရန်ကုန်ဆိပ်ကမ်းမှတဆင့် ကုန်းလမ်း၊ ရေကြောင်းလမ်း များဖြင့် ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိရာ ယခု ပုသိမ်စက်မှုစီမံကိန်းဆိပ်ကမ်းမှ ပင်လယ်ရေကြောင်းဖြင့် ပထမဆုံး တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။

ပင်လယ်ရေကြောင်းမှတဆင့် တင်ပို့ရာတွင် ရရှိသည့် အကျိုးအမြတ်နှင့် ဈေးနှုန်းများသည် နယ်စပ်မှတဆင့် တင်ပို့ရာမှ ရရှိသည့် အကျိုးအမြတ်များနှင့် တူညီနေပါက ရေရှည်၌ ဧရာဝတီတိုင်းဒေသကြီးက ပြောင်းကုန် သည်များသည် ပုသိမ်ဆိပ်ကမ်းမှတဆင့် တင်ပို့ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းက ပြောသည်။

ဧရာဝတီမှ ပြောင်းများကို ပုသိမ်ဆိပ်ကမ်းမှတဆင့် တင်ပို့ခြင်းကြောင့် ရန်ကုန်သို့ တင်ပို့ရသည့် ကုန်ကျစရိတ်များ သက်သာသွားနိုင်ကြောင်း၊ ထို့ကြောင့် ရေရှည်တင်ပို့နိုင်မည်ဆိုပါက ဧရာဝတီမှ ပြောင်းတောင်သူများအတွက် ဈေးကောင်း ရရှိလာမည် ဖြစ်ကြောင်း ပြောင်းစိုက်တောင်သူ ကိုမင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

ပြောင်းများ နေပူလှန်းထားသည်ကိုတွေ့ရစဉ်

၎င်းက “ဒီကနေ ရန်ကုန်သွား၊ ရန်ကုန်ကနေ ကားပေါ် တစ်ခါတင်ပြီးတော့ မြဝတီ သွားမယ်ဆိုရင် ကားတွေ နွေပိုင်း ပြောင်းတအား ပေါ်တဲ့အချိန်မှာ ကားတွေ အခက်အခဲဖြစ်တာနဲ့၊ ကားဈေးတွေ မြင့်တာနဲ့ဆို ဒီကနေ သင်္ဘောတစ်ကြောင်းတည်းနဲ့ မြဝတီ တိုက်ရိုက်အရောက်ဆို ကုန်ကျစရိတ်တွေ သက်သာတာပေါ့။ ရေရှည် ပို့ရရင်တော့ ဒီဧရာဝတီတိုင်းက ပြောင်းတွေ ဈေးနည်းနည်း ကောင်းလာမယ်၊ ဈေးကောင်း ပိုရလာမယ့် သဘော တော့ ရှိတာပေါ့လေ။ ရန်ကုန်တို့ ဘာတို့ မသွားဘဲ ကိုယ့်တိုင်း၊ ကိုယ့်မြို့ကနေပြီးတော့ Export တင်လို့ရပြီဆိုလို့ ရှိရင် ဈေးနှုန်းတွေက နည်းနည်းတော့ တောင်သူတွေ ပိုပြီးတော့ ရလာမှာပေါ့” ဟု ပြောသည်။

ပုသိမ်စက်မှုစီမံကိန်းဆိပ်ကမ်းသည် တန်ချိန် ၂၀၀၀ နှင့် တန်ချိန် ၃၀၀၀ သင်္ဘောများသာ ဆိုက်ကပ်နိုင်သည့် အတွက် ယခု ပထမဆုံးအကြိမ် တင်ပို့မည့် ပြောင်းတန်ချိန် ၆ သောင်းကို အခေါက်ရေ ၂၀ ခန့် တင်ပို့ရမည်ဖြစ် ကြောင်း၊ သို့သော်လည်း လမ်းခရီး တိုတောင်းသည့်အတွက် ရက်ပိုင်းဖြင့် ပြီးစီးသွားမည်ဖြစ်ကြောင်း  ပြောင်းကုန် သည်များထံမှ သိရသည်။

ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် အစေ့ထုတ် ပြောင်းများကို ပုသိမ်စက်မှုစီမံကိန်း ဆိပ်ကမ်းမှတဆင့် ထိုင်း သို့ တင်ပို့နိုင်ရန်အတွက် ထိုင်းကုန်သည်များနှင့် မြန်မာကုန်သည်များ တွေ့ဆုံ၍ ဈေးနှုန်းနှင့် တင်ပို့မှုပိုင်း ဆိုင်ရာ များကို ဆွေးနွေးနေကြောင်း သိရသည်။

လက်ရှိတွင် ပြောင်းရာသီ ကုန်ဆုံးတော့မည် ဖြစ်သည့်အတွက် လာမည့် ၂၀၂၃ - ၂၀၂၄ ပြောင်းရာသီ၌ တင်ပို့နိုင် ရန်အတွက် ကြိုးစားနေကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းထံမှ သိရသည်။