CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉

ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းဘက်သို့ တရားဝင်နှင့် တရားမဝင်လမ်းကြောင်းဖြင့် လူဦးရေ အများအပြား ဝင်ရောက်လာပါက လူ့အခွင့်အရေးနှင့် လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှု ပိုများလာနိုင်ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းရှိ မြန်မာများထဲတွင် တရားမဝင် အထောက်အထားမရှိသူများသာမက တရားဝင် အထောက်အထား ရှိသူများမှာလည်း လူ့အခွင့်အရေးနှင့် လုပ်သားအခွင့်အရေး ချိုးဖောက်ခံရမှုကို ယခင်ကတည်းက တွေ့ကြုံ ခံစားနေရခြင်းဖြစ်ကြောင်း ၎င်းတို့က ထောက်ပြကြသည်။

ထို့ကြောင့် ယခုကဲ့သို့ ထိုင်းနိုင်ငံထဲ နည်းလမ်းပေါင်းစုံဖြင့် မြန်မာနိုင်ငံသား အများအပြား ဝင်ရောက် လာမည် ဆိုပါက အခွင့်အရေးချိုးဖောက်ခံရမှုပိုမိုများပြားလာနိုင်သဖြင့် တရားမဝင် ခိုးဝင်လာမည့် အထောက်အထားမဲ့ များအပေါ် စိုးရိမ်ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးက CNI သတင်းဌာနသို့ ပြောသည်။

“ထိုင်းက နိုင်ငံရေးမှာလုံးဝပါးနပ်တယ်။ သူတို့ပိုက်ဆံရမယ့်ကိစ္စတွေကိုပဲ ဦးစားပေးလုပ်တာတွေ့ရတယ်။ သူတို့ အကျိုးစီးပွားရေးကိုပဲ သူတို့ရှေးရှုတာဖြစ်တယ်။ လူသားချင်းစာနာတယ်ဆိုတာ သတင်းမီဒီယာထဲမှာပဲ အပေါ်ယံ သွားတယ်။ ဒါကြောင့် ထိုင်းဟာလည်း ကျနော်တို့ နိုင်ငံသားတွေအပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ဂုတ်သွေးစုပ်နေတာ တွေ ရှိတယ်။ ဒီလိုမျိုးခိုးဝင်လာမယ်ဆိုရင် ပိုပြီးတော့မှ ထိုင်းက ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးတာတွေ၊ ငွေညှစ်တာတွေ၊ နှိပ်ကွပ်တာတွေ ဆက်ပြီးတော့မှ ကြုံရနိုင်တယ်။ ပတ်စပို့ရှိတာတောင်မှ အလုပ်ရှင်သူဌေးက ပတ်စပို့မပေးလို့ ဒီအတိုင်းထွက်ရတာမျိုးတွေ၊ လုပ်ခလစာမတရားဖြတ်တာမျိုးတွေ၊ အထောက်အထားမရှိလို့ အဖမ်းခံရရင် ပြည်တော်ကို ပြန်ပို့ဖို့အတွက် လူဝင်မှုကြီးကြပ်ရေးမှာ ၂ လ၊ ၃ လ၊ ၄ လနေ၊ လူတစ်ယောက်ကို ဘတ် ၅ ထောင် ကနေ ၇ ထောင်ပေးမှ နယ်စပ်ကို ပြန်ပို့တာတွေ၊ ဒါဟာ ထိုင်းနိုင်ငံထဲမှာ ခေတ်အဆက်ဆက် ရှိနေပြီးသား ဖြစ်တယ်” ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးရှေ့၌ စောင့်ဆိုင်းနေကြသည့် မြန်မာများ

လုပ်ကိုင်နိုင်စွမ်းရှိသည့် လူငယ်၊ လူရွယ်အများစုမှ အလုံးအရင်းဖြင့် အခြားနိုင်ငံများသို့ ဝင်ရောက်သည့်အခါတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ လူကုန်ကူးခံရမှု၊ ငွေကြေးလိမ်လည်ခံရမှု၊ တရားဝင်မှုဆိုင်ရာအရ တစ်ဖက်နိုင်ငံ အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူခံရမှုများကို အဓိကကြုံတွေ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ထိုင်း-မြန်မာနယ်စပ်မှ မြန်မာအများဆုံးရှိသည့် မဲဆောက်နှင့် ချင်းမိုင်ဘက်တို့တွင် ၂၀၂၁ ခုနှစ် နိုင်ငံရေး အပြောင်းအလဲကြောင့် ထွက်ပြေးတိမ်းရှောင်သူများ၊ ခိုးဝင်လာသူများ၊ တိုက်ပွဲရှောင်လာသူများကြောင့် လုပ်ငန်းခွင်ထက် လုပ်သားအင်အား ပိုများသည့် အနေအထားကြောင့် အလုပ်အကိုင်အခွင့်အလမ်း အပြည့်အဝ မရကြောင်း ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

“ပြီးရင် လုပ်ငန်းခွင်ထဲမှာလည်း လူအလုံးအရင်းနဲ့ ဝင်လာတဲ့အခါကြတော့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေ၊ စက်ရုံလုပ်ငန်းခွင်တွေ စသဖြင့်ပေါ့လေ။ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ မူလက လုပ်နေတဲ့ လုပ်ငန်းခွင်တွေထဲမှာ၊ အလုပ်ထဲမှာ ပွတ်တိုက်မှုတွေ ဖြစ်တယ်။ ဥပမာ-အလုပ်ထဲမှာ နေ့စားက ပြောင်းက ဒီနေ့ပေါ်တဲ့ပြောင်းလေးချိုးမယ်ဆိုရင် ပြောင်းချိုးနေ့စားခက ဘတ် ၂၀၀ လို့ သတ်မှတ်ထားတယ်ဆိုရင် အလုပ်သမားနဲ့ အလုပ်ရှင် သဘောတူထားတယ်ဆိုရင် လုပ်သားအင်အားများလာတဲ့အခါကြ ဘတ် ၁၅၀ နဲ့လည်း ချိုးမယ်ဆိုပြီး လုပ်ငန်းခွင်ထဲမှာ ပွတ်တိုက်မှုတွေလည်းဖြစ်တတ်တယ်။ လူမှုရေးပြဿနာတွေ ရှုပ်ထွေးတာ၊ နောက် ကလေးသူငယ်တွေပါလာတယ်၊ ပညာသင်ရမယ့်အရွယ်တွေ ပါလာပြီးတော့ အသက်မပြည့်သေးဘဲနဲ့ လုပ်ငန်းခွင်တွေထဲမှာ ရှိနေတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာတဲ့ အခြေအနေမျိုးတွေလည်း ကြုံရတတ်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် မြန်မာနိုင်ငံမှ လူငယ်၊ လူရွယ်အများအပြားသည် ပြည်ပနိုင်ငံ သို့ ထွက်ခွာရန် ကြိုးစားလာကြပြီး ထိုထဲတွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်သူမှာ အင်မတန် များပြားသည်။

ထိုသို့ များပြားလွန်းမှုကြောင့် ဗီဇာလျှောက်ထားရာတွင် တစ်ရက်လျှင် လူဦးရေ ၄၀၀ သာ လက်ခံတော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက ထုတ်ပြန်ထားသည်။