CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအား အရေးယူသွားမည်ဟု ထိုင်းဝန်ကြီးချုပ် ဆရီသာက ပြောကြားခဲ့ခြင်းကြောင့်  သတိထားကြရန် မြန်မာအလုပ်သမားများအရေး ကူညီဆောင်ရွက်ပေးသူ နေသူများက ပြောကြသည်။

တရားဝင် လာရောက်မည်ဆိုပါက ကြိုဆိုပြီး တရားမဝင် လာရောက်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ လုံခြုံရေးအေဂျင်စီများဖြင့် ဆွေးနွေးညှိနှိုင်းထားပြီးဖြစ်ကြောင်း  ထိုင်းဝန်ကြီးချုပ် ဆရီသာ က ပြောခဲ့သည်။

ယခင်ကတည်းက တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးအရေးယူခြင်းရှိသော်လည်း ယခုကဲ့သို့ ထိုင်းဝန်ကြီးချုပ်မှ ထုတ်ဖော်ပြောကြားလာသည့်အတွက် နယ်စပ်ဒေသများတွင် ပိုမို တင်းကြပ်လာနိုင်ကြောင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီတစ်ခေါက်မှာ တွေ့ရတာက တရားမဝင် ဝင်လာပြီးတော့ သူတို့နိုင်ငံရဲ့ အလုပ်သမားတွေရဲ့ အလုပ်ကို ခိုးတယ်၊ ခိုးတယ်ဆိုတာက ဒီလို သူတို့နိုင်ငံသားတွေအတွက် အလုပ်အကိုင် ရှားပါးမှာစိုးတာကြောင့်။ ဝင်လာတဲ့ အလုပ်သမားတွေက ရတဲ့နည်းနဲ့လုပ်ရင် သူတို့အလုပ်သမားတွေ အလုပ်လက်မဲ့ ဖြစ်မှာစိုးရတယ်။ လက်ရှိသူတို့မှာ အလုပ်လက်မဲ့နှုန်းက ၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ သူတို့ဥပဒေမှာကိုက သတ်မှတ်ထားပြီးသား ဘယ်အလုပ်ကို ရွှေ့ပြောင်း အလုပ်သမားတွေ လုပ်ရမယ်ဆိုတာ။ သူတို့ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တော်တော် များများက မြန်မာတွေ လုပ်လို့မရတဲ့ဟာတွေ။ ဒါပေမယ့် အဲဒါကို ဒီလိုပြောလာတယ်ဆိုတော့ ကိုယ်တွေတောင် နည်းနည်း အံ့ဩသွားတယ်” ဟု ပြောသည်။

တရားမဝင် လာတဲ့ မြန်မာတွေကို ထိုင်းက ဖမ်းဆီးထားစဉ်

ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီးနောက် ထိုင်းနိုင်ငံကို သွားရောက်ခွင့် ဗီဇာလျှောက်ထားမှု သိသိသာသာ မြင့်တက်လာချိန်တွင် ထိုင်းဝန်ကြီးချုပ်မှ ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။

ဖြူးထိုင်းပါတီနှင့် ထိုင်းအစိုးရအဖွဲ့တို့သည် စီးပွားရေးကို အဓိက ဦးစားပေးခြင်းဖြစ်သော်လည်း ထိုင်းနိုင်ငံသား များ၏ အလုပ်အကိုင် အခွင့်အလမ်းများကို မြန်မာရွှေ့ပြောင်း လုပ်သားများမှ လုယူသွားရမည်ကို  စိုးရိမ်နေသည့် အပေါ်လည်း ကိုင်တွယ်ဖြေရှင်းနေကြောင်း ထိုင်းဝန်ကြီးချုပ်က ဆက်လက် ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ယခင်နိုင်ငံရေး တည်ငြိမ်သည့် ကာလကတည်းက တရားဝင်သာမက တရားမဝင် လမ်းကြောင်းဖြင့် ခိုးဝင်မှုများ နေ့စဉ်ရှိနေခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲ ဖြစ်ပြီးနောက်တွင် တရားမဝင် လမ်းကြောင်းဖြင့် ခိုးဝင်မှု ပိုမို များပြားခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများ က ပြောသည်။

လက်ရှိ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြီး နောက်တွင် တရားမဝင် ခိုးဝင်မှု ယခင်ထက် ပိုမိုများပြားလာနိုင် ကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက သုံးသပ်ထားကြသည်။

ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးမိုးကျော်က “ဝန်ကြီးချုပ် ကိုယ်တိုင်က ထုတ်ဖော်ပြောလာပြီဆိုရင်တော့ နယ်စပ်တွေမှာ ပိုပြီး လုံခြုံရေး တင်းကြပ် လာနိုင်တယ်။ စစ်ဆေးအရေးယူမှု အပိုင်းတွေ ပိုပြီးတော့ ကြပ်ကြပ်မတ်မတ် လုပ်လာနိုင်တယ်လို့ သုံးသပ်လို့ရတယ်။ ဒီဘက်အပေါက်ကို များလာ တဲ့အခါ ဒီဘက်မှာရှိတဲ့ ကရင်ပြည်နယ် KNU ကနေ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေတွေထဲမှာ လူငယ်တွေကို ကူညီစောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေ လုပ်မယ်။ အဲဒါတွေကို ပူးပေါင်းပါဝင်ပြီး နွေဦးတော်လှန်ရေးမှာ ပူးပေါင်း ပါဝင်ဖို့ ဒီလိုလမ်းကြောင်းတွေမှာလည်း သွားလို့ရတယ်။ မဟုတ်ဘဲနဲ့ တရားမဝင် လမ်းကြောင်းကနေ ဝင်ရောက် လာမယ်၊ ပိုက်ဆံကုန်မယ်၊ တရားမဝင် လမ်းကြောင်းမို့လို့ နယ်စပ်မှာ စစ်ဆေးရေး ဂိတ်တွေနဲ့ တွေ့တဲ့အခါ လူ့ ဂုဏ်သိက္ခာအရလည်း ကျဆင်းတယ်။ ဒါမျိုးတွေ ဖြစ်မယ့်အစားဆိုရင် လူငယ်တွေအနေနဲ့ ဘယ်လိုရွေးချယ်ရင် အကောင်းဆုံး ဖြစ်မလဲဆိုတာကို သေချာစဉ်းစားဖို့ လိုမယ်လို့ အကြံပြုလိုတယ်” ဟု CNI သတင်းဌာနသို့  ပြော သည်။

မြန်မာနယ်စပ်ကို စောင့်ကြည့်နေတဲ့ ထိုင်းလုံခြုံရေးအဖွဲ့ကို တွေ့ရစဉ်

ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများမှ လုပ်သားအင်အား လိုအပ်နေဆဲ ဖြစ်သော်လည်း ၎င်းတို့အနေဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများကို လိုက်နာရမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုမှုကို ဘန်ကောက်ပို့စ်မှ ဖော်ပြထားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် မြန်မာလူဦးရေမှာ များပြားနေပြီး နေ့စဉ်ဖမ်းဆီး ခံရမှုများရှိကြောင်း၊ ထို့အပြင် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးတွင်လည်း ဗီဇာရရှိရေးအတွက် နေ့စဉ် လူရာပေါင်းများစွာ တန်းစီ၍ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

ထို့အပြင် ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံမှ တိုက်ပွဲရှောင် ဒုက္ခသည်များအား လူသားချင်း စာနာ ထောက်ထားမှု အကူအညီပေးရေးစင်တာများအား နှစ်နိုင်ငံနယ်စပ်ဖြစ်သည့် မဲဆောက်မြို့နှင့် ကရင်ပြည်နယ်မှာ တစ်လအတွင်း အကောင်အထည်ဖော် ဖွင့်လှစ်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးမှ ပြောထားသည်။