CNI News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

မွန်ပြည်နယ်မှ ထွက်ရှိသည့်ဆားကြမ်းကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ရန်အတွက် လုပ်ဆောင်မှုများ ရှိနေပြီး ၂၀၂၄ ခုနှစ်အတွင်း တန်ချိန် ၅၀၀၀ တင်ပို့ရန် လုပ်ဆောင်နေကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းထံမှ သိရသည်။

ယခု ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် တန်ချိန် ၅၀၀ ကို တင်ပို့သွားရန်ရှိကြောင်း၊ ထိုတင်ပို့မှု အဆင်ပြေပါက တန်ချိန် ၅၀၀၀ ကို တင်ပို့ရန်အတွက် စာချုပ်ချုပ်ဆိုသွားရန်ရှိသည်ဟု မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးဝင်းထိန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပထမ ဦးတို့နဲ့ ပဏာမစာချုပ် MOU ဆိုပြီးတော့ လက်မှတ်ရေးထိုးပါတယ်။ အဲဒါကတော့ ပထမအဆင့် တန် ၅၀၀၊ ၂၀၂၄ မှာ တန် ၅၀၀၀၊ နောက်နှစ်မှာ တန် ၃၀,၀၀၀ ဆိုပြီးတော့ အဲဒီလို စာချုပ် MOU ထိုးပါတယ်။ ဒုတိယအဆင့်ကျတော့ ဦးတို့ဆီက တန် ၅၀၀ ကို သူတို့ အရင်ယူမယ်ဆိုပြီးတော့ စာရွက်စာတန်းတွေ လုပ်ခိုင်းနေ တယ်။ အနေအထားကတော့ ပထမအဆင့် ပို့ပြီးလို့ အောင်မြင်ရင် ဒုတိယအဆင့်ကို တန် ၅၀၀၀ ထပ်ပြီးတော့ စာချုပ် ချုပ်ဖို့ရှိတယ်” ဟု ပြောသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့်ဆားကြမ်းကို တင်ပို့သွားမည်ဖြစ်ပြီး အဓိကအားဖြင့် ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်များမှ ထွက်ရှိသည့် အရည်အသွေး ပြည့်မှီသော ဆားများကို တင်ပို့ရန် လျာထားကြောင်း သိရသည်။

 တောင်ကိုရီးယားလုပ်ငန်းရှင်များ မွန်ပြည်နယ်က ဆားများကို လာရောက်၀ယ်ယူနေစဉ် 

ဆားလုပ်ငန်းတွင် လိုအပ်ချက် ဖြစ်ပေါ်နေသည့် ဆားများ အဆင့်မြင့်သန့်ဇင်ရန်နှင့် အခြောက်ခံရန် စက်များကို သက်ဆိုင်ရာဌာနများမှတဆင့် အထောက်အပံ့ရရန် တင်ပြထားကြောင်း၊ ထို့နောက် အသေးစား လုပ်ငန်းရှင်များ အတွက် ချေးငွေထုတ်ချေးရာတွင် မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းများသည် ဦးစားပေးအဆင့်၌  ပါဝင်ခြင်း ကြောင့် တောင်သူများအနေဖြင့် ဆားများကို အရည်အသွေး မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တောင်ကိုရီးယားမှ ဝယ်ယူသည့် ဈေးနှုန်းသည် မြင့်မားခြင်းကြောင့် လာမည့်နှစ်များတွင် တင်ပို့ရန် သဘောတူထားသည့် ဆားတန်ချိန် ၃၀,၀၀၀ ကို ထပ်မံဝယ်ယူပါက မွန်ပြည်နယ်အတွင်းရှိ ဆားများသာမက ဧရာဝတီတိုင်းများမှ ထွက်ရှိသည့် ဆားများကိုလည်း တင်ပို့သွားမည်ဟု ဦးဝင်းထိန်က ဆက်ပြောသည်။ 

၎င်းက “နှုန်းထား မြင့်ပါတယ်။ သူတို့ပေးတာက ဥပမာ ဆားကြမ်း တစ်တန် ဘယ်လောက်လဲလို့ တကယ်လို့ အင်တာနက်မှာ ရိုက်ထည့်ရင် ၆၅ ဒေါ်လာလောက် ရှိတာပေါ့နော်။ သို့သော် သူတို့ပေးတာ အဲဒီထက် ပိုပါတယ်။ အကယ်၍ နောက်နှစ် တန် ၃၀,၀၀၀ အထိ သူတို့ တိုးချဲ့ပြီးတော့ ဝယ်ပေးမယ်ဆိုတဲ့အခါကျရင် မွန်ပြည်နယ်က ထွက်တဲ့ ဆားတစ်ခုတည်းနဲ့ မဟုတ်ဘဲနဲ့ ကျန်တဲ့ ဧရာဝတီတိုင်းတို့မှာ ထွက်တဲ့ဆားကိုလည်း တွဲပြီးတော့ ပို့ပေး ရမယ့် အနေအထား ရှိပါတယ်” ဟု ပြောသည်။

 တောင်ကိုရီးယားလုပ်ငန်းရှင်များ မွန်ပြည်နယ်က ဆားများကို လာရောက်၀ယ်ယူနေစဉ် 

တချို့သော ဆားကွင်းများသည် စံချိန်စံညွှန်း ပြည့်မှီအောင် ထုတ်လုပ်နေမှုများ မရှိသည့်အတွက် ထိုတောင်သူများ အနေဖြင့် ဆားကြမ်းများကို တောင်ကိုရီးယားသို့ တင်ပို့လိုပါက အရည်အသွေးမြှင့်တင်ရန် လိုအပ်သည်ဟု သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ဦးလှတင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဆားသန့်မှ သူတို့က ဆားကို သန့်နေမှ သူက ယူမှာတဲ့။ အဲဒါ ကိုယ့်ဆားကို ရောင်းချင်တယ်ဆိုရင် ဆားသန့်သန့် လုပ်ပေးပါတဲ့။ ဈေးကွက်ကို မျှော်ပြီးတော့လေ ကျနော်တို့က သူသတ်မှတ်ထားတဲ့ စံချိန်အတိုင်း ပြည့်မှီဖို့ ကျနော်တို့ ကြိုးစားရမှာပေါ့။ ကျနော်တို့က သူသတ်မှတ်ထားတဲ့ စံချိန်ကို ပြည့်မှီမှ ကျနော်တို့က ရောင်းဝယ်လို့ ရမှာလေ။ အဆင်ပြေလာနိုင်တာပေါ့လေ။ ကိုရီးယားက ဖြုန်းတဲ့ဈေးကွက်ရတော့ အဆင်ပြေ တာပေါ့ ကျနော်တို့ ဆားတောင်သူတွေ” ဟု ပြောသည်။

မွန်ပြည်နယ်အတွင်း ဆားဧက ၅၀၀၀ ခန့်တွင် ဆားထုတ်လုပ်လျက်ရှိနေပြီး တန်ချိန်အားဖြင့် ၅၀,၀၀၀ ထွက်ရှိကြောင်း သိရသည်။