CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၇

မွန်ပြည်နယ်မှ ထွက်ရှိသည့် အဆင့်မြင့်ဆားကြမ်းကို တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် နားလည်မှု စာချွန် လွှာ MOU လက်မှတ် ရေးထိုးထားပြီဖြစ်ကြောင်း မွန်ပြည်နယ် ဆားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ ဆားလိုအပ်ချက်အရ ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်တွင် တောင်ကိုးရီးယား နိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် MOU ရေးထိုးပြီး နှစ်နိုင်ငံကြား ဆားတင်ပို့နိုင်ရန် ဆောင်ရွက်ခဲ့သည်ဟု မွန်ပြည်နယ် ဆားကဏ္ဍ ကျွမ်းကျင်သူ ဦးခင်စိုးက CNI သတင်းဌာနသို့ ပြောသည်။

ဆားလုပ်ငန်းကိုတွေ့ရစဉ်

၎င်းက “ကိုရီးယားကို တင်ဖို့ဆိုတာ ကိုရီးယားက ကုမ္ပဏီပေါ့နော်၊ မွန်ပြည်နယ်မှာရှိတဲ့ ကျိုက်ထီးရိုး ကေဘယ်လ် ကားကုမ္ပဏီက ဥက္ကဋ္ဌကလေ သူကဖိတ်တာဗျ။ သူကနေပြီးတော့ ကိုရီးယားမှာဆိုလို့ရှိရင် ဆားတွေ အများကြီး တင်သွင်းနေရတယ်။ အဲဒီတော့ မွန်ပြည်နယ်မှာလည်း ဆားထွက်တယ်။ ဆားထွက်တော့ သူက ကိုရီးယားကို ပို့လို့ ရတယ်လို့ ချိတ်တဲ့အခါမှာ ဒီက ဆားအရည်အသွေးကို သူတို့ ကွင်းဆင်းစစ်တယ်။ ဆင်းစစ်ပြီးတော့ သူတို့ MOU ထိုးတယ်။ အဲဒီအဆင့်လောက်တော့ ကျနော်သိတယ်ဗျ” ဟု ပြောသည်။

တောင်ကိုရီးယားနိုင်ငံတွင် နှစ်စဉ် ဆားတန်ချိန် ၃ သန်းခန့် ထွက်ရှိသော်လည်း ဆားလိုအပ်ချက်သည် တန်ချိန် ၇ သန်းခန့် ဖြစ်ပေါ်နေကြောင်း သိရသည်။

မွန်ပြည်နယ်မှ ထွက်ရှိသည့် ဆားများကို တောင်ကိုရီးယား ဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက် လိုအပ်သော စံချိန် စံညွှန်းအတိုင်းရရှိရန် ပြင်ဆင်မှုများ လုပ်ရမည် ဖြစ်သည်ဟု ဆားလုပ်ငန်းရှင်များက ပြောသည်။

တောင်ကိုရီးယားမှ လုပ်ငန်းရှင်များ မြန်မာ့ဆားလုပ်ငန်းကို တင်ပို့ရန်လေ့လာနေကြစဉ်

တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နိုင်ပါက ဆားတောင်သူများအတွက် ဈေးကွက်တစ်ခု ရရှိလာမည်ဖြစ်ပြီး တောင်သူများကလည်း ဆားများကို ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးအတိုင်း ရရှိရန် လုပ်ဆောင်လာကြမည် ဟု သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူ ကိုကျော်လွင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “Export လုပ်နိုင်တယ်ဆိုတာ ကျနော်တို့အတွက် အခွင့်အလမ်းတစ်ခုပါ။ ကိုရီးယားဆိုတာကလည်း သူတို့ ဆားပမာဏ များများကြီး ကျနော်တို့ တင်ပို့တယ်ဆိုတာက သူတို့လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်းတောင် ရှိမှာ မဟုတ်ပါဘူး သဘောကလေ။ သူတို့လိုအပ်ချက်ရဲ့ ၁၀ ရာခိုင်နှုန်း၊ ရာခိုင်းနှုန်း ၂၀ ကို သူတို့က တင်သွင်းချင်တယ်၊ မြန်မာပြည်နဲ့ ချိတ်ဆက်ချင်တယ်ဆိုတာက ကောင်းတဲ့လက္ခဏာပေါ့။ အဲဒီလို စိတ်ဝင်စားပြီ MOU ထိုးတယ်ဆိုရင် မွန်ပြည်နယ်မှာရှိတဲ့ ဆားတွေက ဒီလိုတင်ပို့လို့ရတယ်၊ ဈေးကောင်းလည်း အထိုက်အလျောက် ဈေးတည်ငြိမ် တယ်ပေါ့ဗျာ Export လုပ်တယ်ဆိုတာ မြန်မာပြည်ထဲမှာ လည်တာထက်စာရင် ပိုကောင်းတာပေါ့။ အဲဒီလို အနေ အထား ရပြီဆိုရင်တော့ မွန်ပြည်နယ်က ဆားတောင်သူတွေက Export လုပ်နိုင်လောက်တဲ့ အရည်အသွေးကို မြှင့်ပြီးတော့ Export လုပ်နိုင်တဲ့ အရည်အသွေးကို ရာခိုင်နှုန်း ၃၀ လောက်က လုပ်နေတယ်ဆိုပါတော့ ကျန်တဲ့သူ တွေက မြန်မာပြည်လောက်က ကွာလတီလောက်နဲ့ လုပ်နေကြတယ်လေ။ အဲဒီတော့ Export လုပ်နိုင်တဲ့ ကွာလတီက ဘယ်လိုဖြစ်တယ်၊ သူများလည်း Export လုပ်နေပြီဆိုရင် ကျနော်တို့က သူတို့ပြောလာတဲ့ အရည် အသွေး ရအောင်တော့ တောင်သူတွေ လုပ်လာမှာပေါ့ဗျာ” ဟု ပြောသည်။

လက်ရှိတွင် မွန်ပြည်နယ် ဆားဈေးကွက်အတွင်း၌ ဆားတောင်သူများက သိုလှောင်ထားသည့် ဆားများကို ထုတ်ရောင်းလာနေကြခြင်းကြောင့် ဆားဈေးနှုန်းများ အနည်းငယ် ကျဆင်းမှု ဖြစ်ပေါ်နေပြီး ဆားကြမ်း တစ်ပိဿာလျှင်၂၀၀ ကျပ်ခန့် ဈေးနှုန်းရှိနေသည်။

မွန်ပြည်နယ်တွင် ဆားကွင်းဧကပေါင်း ၄၅၀၀ ကျော်မှ နှစ်စဉ်ဆားတန်ချိန် ၅ သောင်းကျော်ထွက်ရှိပြီး မွန်ပြည် နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် အသုံးပြုလျက်ရှိကြောင်း သိရသည်။