CNI News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် နမ္မားမြို့နယ်တွင် ရှမ်းနီ(တိုင်းလျန်) သွေးစည်းညီညွတ်‌ရေးပါတီ (SSP) ကိုယ်စားလှယ်လောင်း ဦးတင်ညွန့်ကို ယနေ့ (ဇန်နဝါရီ ၂၄ ရက်)၌ အမည်မသိ လူတချို့က သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။

နမ္မားမြို့အတွင်းရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်း ဖြစ်ကြောင်း၊ မည်သည့်အတွက် အသတ်ခံရသည်ကို မသိရှိရသေးကြောင်း SSP ကိုယ်စားလှယ်လောင်းတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဖြစ်တာက နမ္မားလက်ဖက်ရည်ဆိုင်မှာ ကြားတယ်၊ ကျနော်တို့ကလည်းလေ၊ မနက် ၈ နာရီခန့်လောက် ပေါ့၊ အဲဒါတော့ ကျနော်တို့တော့ ဂဃနဏ မသိဘူးဗျ၊ တစ်ဖက်က ဘယ်လို အညှိးအတေးထားလဲ မသိဘူး။ သူ ကတော့ ရိုးရိုးသားသား လုပ်ကိုင်စားသောက်တဲ့ လူပါ၊ ပရဟိတ လုပ်ကူနေတဲ့ လူပါပဲ” ဟု ပြောသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသည့် ဦးတင်ညွန့်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ် အမျိုးသား လွှတ်တော် မဲဆန္ဒနယ်အမှတ် (၇) တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ရှုံးနိမ့်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးတင်ညွန့် အသတ်ခံရခြင်းနှင့် ပတ်သက်၍ SSP ပါတီသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

ရှမ်းနီတိုင်းရင်းသားများကိုတွေ့ရစဉ်

လူဦးရေ စာရင်းကောက်ခံမှုကို လိုက်ပါသည့်အတွက် အငြိုအတေးထားခြင်း ဖြစ်နိုင်ကြောင်း SSP ကိုယ်စားလှယ် လောင်းတစ်ဦးက ပြောသည်။

၎င်းက “အဲဒီလိုပဲ ကျနော်တို့ သုံးသပ်မိတယ်လေ၊ တချို့က အဲဒါလေးတွေကို အညှိးအတေး ထားကြတယ်လို့ လည်း တခြားစီမှာ အသံပလံတွေ ထွက်နေတာကိုး။ အသံပလံ ထွက်နေတဲ့ အခါကြတော့ အဲဒီကိစ္စနဲ့ပဲ သူ့ကိုများ မကျေနပ်တာလားပေါ့၊ အဲဒါကြောင့်မို့လုပ်တာ လက်ဖက်ရည်ဆိုင်မှာ လာပြီး ပစ်သွားတာတော့ ခေါင်းကို ပစ်သွား တာပြောတာပဲ၊ လူထုတွေကတော့ ဘယ်လို အခက်အခဲ ဖြစ်စေလဲဆိုတော့ ပြည်သူလူထု အနေနဲ့ကတော့ ဘယ်လိုပြောတတ်မလဲဗျာ၊ တစ်ဖက်အမြင် သူ့အမြင် ကိုယ့်အမြင် ရှိကြတဲ့အခါတော့လေ” ဟု ပြောသည်။

နစကသည် လာမည့် ဩဂုတ်လအတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဇန်နဝါရီ ၉ ရက်နေ့မှ စတင်ပြီး လူစာရင်းများ ကောက်ခံလျက်ရှိသည်။

ထို့နောက် တော်လှန်ရေး အင်အာစုများလည်း လူစာရင်း ကောက်ခံသည့် အုပ်ချုပ်‌ရေးမှူးများ၊ လိုက်ပါ ဆောင်ရွက် သူများကို ပစ်မှတ်ထား တိုက်ခိုက်မှုများလည်း ရှိလာသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေး‌ကောက်ပွဲမတိုင်မီ ဖားကန့်မြို့နယ်တွင် တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ(TNDP)မှ ပါတီဝင်များဖြစ်သည့် ကိုကံဆက်နှင့် ကိုထွန်းလွင်တို့လည်း လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ် များလည်း ရှိခဲ့သည်။