CNI International News

ဝါရှင်တန်၊ မတ်လ ၂၂

ဈေးပေါသည့် တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားများ ရောင်းချမှုနှင့် လုံခြုံရေးအန္တရာယ်တို့ကို အင်အားကြီး အနောက်နိုင်ငံများအကြား စိုးရိမ်မှုများ မြင့်တက်နေပြီး ပြည်တွင်းဈေးကွက်များကို ကာကွယ်ပေးရန် ကြိုတင် ကာကွယ်သည့် အစီအစဉ်များ လုပ်ဆောင်ရန် တိုက်တွန်းနေကြသည်ဟု Financial Post မှ ဖော်ပြခဲ့သည်။ 

နိုင်ငံအချို့က ၎င်းတို့၏ စိုးရိမ်မှုများကို ဖြေရှင်းမပြီးမချင်း တရုတ်လုပ် လျှပ်စစ်ကားများကို တင်သွင်းရောင်းချခွင့် ပေးရန် ဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုလျက်ရှိသည်။ 

မကြာသေးမီက တရုတ်လုပ် လျှပ်စစ်ကားများကို တရုတ်အစိုးရ၏ မျှတမှုမရှိသည့် ကူညီထောက်ပံ့ပေးမှု စွဲချက်များကြောင့် ဗြိတိန်က တရုတ်လျှပ်စစ်ကားများကို ပိတ်ပင်မည့်အကြောင်း အရိပ်အမြွက်ပြောကြားခဲ့သည်။ 

ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကို တွေ့ရစဉ်

ဗြိတိန်သယ်ယူပို့ဆောင်ရေးဝန်ကြီး မာ့ခ်ဟာပါ (Mark Harper) က မိမိတို့ အစိုးရအနေဖြင့် မျှတမှုရှိသည့် နိုင်ငံတကာ ကုန်သွယ်မှုမျိုးဖြစ်စေရန် သေချာလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အခြားနိုင်ငံများ၏ ပြည်တွင်း၌ ရောင်းမထွက်သော ထုတ်ကုန်များကို ပြည်ပသို့ လျှော့ဈေးဖြင့် ထုတ်ရောင်းချမှုများ မဖြစ်စေရန် သေချာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ မျှတပြီး ယှဉ်ပြိုင်မှုရှိသည့် အနေအထားမျိုးဖြစ်စေရန် အရေးကြီးကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ်ကလည်း ဥရောပသမဂ္ဂက ဈေးပေါသည့် တရုတ်လျှပ်စစ်ကားများ တင်သွင်းဝယ်ယူမှုမှ ပြည်တွင်း ကားဈေးကွက်ကို ကာကွယ်ရန် စုံစမ်းစစ်ဆေးမှုနှင့် စေ့စပ်သေချာမှုရှိသော အစီအစဉ်တစ်ခုကို စတင်ခဲ့သည်။

"အခုဆိုရင်ရင် ကမ္ဘာလုံးဆိုင်ရာ ကားဈေးကွက်တွေမှာ ဈေးပေါတဲ့ တရုတ်လျှပ်စစ်ကားတွေ အစုလိုက်၊ အပြုံလိုက် ဝင်ရောက်နေပါတယ်" ဟု ဥရောပသမဂ္ဂက ပြောကြားခဲ့သည်။ 

တရုတ်လျှပ်စစ်ကားကို တွေ့ရစဉ်

တရုတ်အစိုးရ၏ ကြီးမားသည့် ထောက်ပံ့မှုများဖြင့် တရုတ်လျှပ်စစ်ကားများ၏ ဈေးနှုန်းများ အဆမတန် လျှော့ချထားမှုသည် မိမိတို့ ဈေးကွက်ကို ပျက်စေနိုင်ကြောင်း ဥရောပသမဂ္ဂကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် (Ursula von der Leyen) က ပြောကြားခဲ့သည်။

ဥရောသမဂ္ဂ၏ စုံစမ်းစစ်ဆေးမှုကို ဥရောပနိုင်ငံအချို့က ထောက်ခံခဲ့ကြသည်။ 

"တကယ်လို့ အစိုးရရဲ့ ထောက်ပံ့မှုတွေဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိုက်ညီ မှုမရှိဘူးဆိုရင် ဥရောပအနေနဲ့ ပြန်လည် တိုက်ထုတ်နိုင်စွမ်း ရှိရပါမယ်" ဟု ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနို လီ မိုင်ရီ (Bruno Le Maire) က ပြောကြားခဲ့သည်။ 

ကားလောက၏ ကျွမ်းကျင်သူများကလည်း တရုတ်လျှပ်စစ်ကားများ အစုလိုက်အပြုံလိုက် ဝင်ရောက်မှုသည် ဥရောပ ကားထုတ်လုပ်သည့် ကုမ္ပဏီများအပေါ် ကြီးမာသော ခြိမ်းခြောက်မှုများ ဖြစ်နေသဖြင့် တရုတ်လျှပ်စစ် ကားများကို ပိတ်ပင်ရန် ကြိုးပမ်းမှုများကို ကြိုဆိုခဲ့ကြသည်။ 

Source: Financial Post