CNI International News

တိုင်ပေ၊ မတ်လ ၂၂

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် (Tsai Ing-wen) အနေဖြင့် လုံခြုံရေးအန္တရာယ်ကို ထောက်ရှုပြီး တောင်တရုတ် ပင်လယ်အတွင်းသို့ သွားရောက်ခြင်းမပြုရန် ထိုင်ဝမ်ထိပ်သီးလုံခြုံရေး အရာရှိတစ်ဦးက မတ်လ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ စစ်အင်အား တည်ရှိမှုကြောင့် ဆိုင်၏ လေကြောင်းခရီးစဉ်ကို အခြားနိုင်ငံများက ဝင်ရောက်စွက်ဖက်မည့် အန္တရာယ်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ထိုင်ဝမ်နှင့် တရုတ်သည် တောင်တရုတ်ပင်လယ်၏ နေရာအများစုကို ပိုင်ဆိုင်ကြောင်း ကြေညာထားကြ သော်လည်း ထိုင်ဝမ်သည် တောင်တရုတ်ပင်လယ်အတွင်းရှိ တရုတ်နှင့် ဖိလစ်ပိုင်အကြား ပြိုင်ဆိုင်မှု ပြင်းထန်နေသည့် စပရက်တလေ ကျွန်းစု (Spratly Islands) ၏ ကျွန်းငယ်တစ်ခုဖြစ်သည့် အီတူ အာဘာ (Itu Aba) ကျွန်းကိုသာ ထိန်းချုပ်ထားနိုင်သည်။

ထိုင်ဝမ်ကမူ အီတူ အာဘာ ကျွန်းကို တိုင်ဖျင် (Taiping) ကျွန်းဟု အမည်တပ် ခေါ်ဆိုထားသည်။

 ထိုင်ဝမ်အမျိုးသား ကာကွယ်ရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် ဆိုင်မင်ယန်ကို တွေ့ရစဉ်

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ် အနေဖြင့် မေလတွင် ရာထူးမှ မဆင်းမီ ထိုကျွန်းပေါ်၌ ထိုင်ဝမ်၏ အချုပ်အခြာ အာဏာပိုင်မှုကို ပြသဖို့ သွားရောက်ရန် အာဏာရပါတီနှင့် အဓိက အတိုက်ခံပါတီများမှ လွှတ်တော်အမတ် အချို့က တိုက်တွန်းခဲ့သည်။ 

ဆိုင်အင်ဝမ် မတိုင်မီ ယခင် ထိုင်ဝမ်သမ္မတများသည် အီတူအာဘာကျွန်းကို သွားရောက်ခဲ့ကြသော်လည်း ဆိုင်သည် သမ္မတဖြစ်ခဲ့ပြီးကတည်းက ထိုကျွန်းသို့ သွားရောက်ရခြင်း မရှိသေးပေ။

ထိုင်ဝမ်အမျိုးသား ကာကွယ်ရေးဗျူရို၏ ညွှန်ကြားရေးမှူးချုပ် ဆိုင်မင်ယန် (Tsai Ming-Yen) ကမူ တောင်တရုတ် ပင်လယ်သည် စစ်ရေးအသွင်ဆောင်နေပြီး ဆိုင်၏ ခရီးစဉ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက မည်ကဲ့သို့ ရှုမြင်ကြ လိမ့်မည်ဆိုခြင်းကို အစိုးရအနေဖြင့် ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောကြားခဲ့သည်။

"နိုင်ငံတော်တော်များများက လေယာဉ်တွေနဲ့ သင်္ဘောတွေဟာ အဲဒီကျွန်းအနီးကို ဖြတ်သန်းမောင်းနှင်ချိန်မှာ အဲဒီကျွန်းနဲ့ သက်ဆိုင်ရာ နိုင်ငံတွေက ကြားဝင်စွက်ဖက်ခဲ့ကြပါတယ်" ဟု ဆိုင်မင်ယန်က လွှတ်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။ 

"နောက်ပြီးတော့ ကီလိုမီတာ ၁၆၀၀ ( ၉၉၄ မိုင်) ကွာဝေးတဲ့ သမ္မတရဲ့ လေကြောင်းခရီးစဉ်မှာ ဘေးကင်းလုံခြုံရေး ကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အဲဒီ ပြဿနာနှစ်ခုကို မဖြေရှင်းနိုင်ဘူးဆိုင်တော့ သမ္မတကို အခုချိန်မှာ တိုင်ဖျင်ကျွန်းကို သွားဖို့ မထောက်ခံပါဘူး" ဟု ဆိုင်မင်ယန်က ပြောကြားခဲ့သည်။

Source: ရိုက်တာ