CNI International News

အော့တဝါ၊ မတ်လ ၂၂

ကနေဒါ၏ ဥပဒေနှင့််အညီ အသုံးပြုမည့် အချိန်အထိ အစ္စရေးကို လက်နက်များတင်ပို့ခွင့် ပိတ်ပင်ထားမည်ဟု ကနေဒါအစိုးရက မတ်လ ၂၀ ရက်တွင် ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ဇန်နဝါရီလ ၈ ရက် မတိုင်မီ အချိန်အထိ ခွင့်ပြုပေးခဲ့သည့် အစ္စရေးသို့ လက်နက်တင်ပို့ ရောင်းချခွင့်များကို ဆက်လက် ပိတ်ပင်ထားမည်ဟု ကနေဒါနိုင်ငံခြားရေးဝန်ကြီး မီလာနိုင် ဂျိုလီ(Melanie Joly) က ပြောကြား ခဲ့သည်။

ကနေဒါ၏ လူနည်းစု လစ်ဘရယ်အစိုးရ၏ နိုင်ငံရေးအရ အသက်ရှင် ရပ်တည်နိုင်မှုသည် လက်ဝဲယိမ်း နယူးဒီမိုကရက်ပါတီ၏ ထောက်ခံမှုအပေါ် မူတည်နေသည်။ 

နယူးဒီမိုကရက်ပါတီကမူ ဂါဇာစစ်ပွဲနှင့်ပတ်သက်ပြီး အစ္စရေးအပေါ် ပြင်းထန်သည့် အရေးယူ လုပ်ဆောင်မှုများ ပြုလုပ်ရန် တောင်းဆိုလျက်ရှိသည်။

"ကနေဒါဟာ ကမ္ဘာပေါ်မှာ ပို့ကုန်ကဏ္ဍ ခွင့်ပြုချက် အတင်းကျပ်ဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ အစ္စရေး အတွက် အသက်သေစေနိုင်တဲ့ ထုတ်ကုန်တွေ တင်ပို့ခွင့်ကို ဖွင့်ပေးမထားပါဘူး" ဟု ဂျိုလီက ထုတ်ပြန်ခဲ့သည်။

အစ္စရေးအလံကို တွေ့ရစဉ်

ဇန်နဝါရီ ၈ ရက်ကစပြီး အစိုးရသည် အစ္စရေးသို့ လက်နက် တင်ပို့ရောင်းချခွင့် ပါမစ်အသစ်များကို အတည်မပြု ခဲ့ဘဲ မိမိတို့ အစိုးရအဖွဲ့၏ စည်းကမ်းများအတိုင်း လိုက်နာမှု ရှိ/မရှိ မသေချာမချင်း အစ္စရေးသို့ လက်နက်များ တင်ပို့ရောင်းချခွင့် ပါမစ်များကို ပိတ်ပင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ကနေဒါဥပဒေအရ ကနေဒါမှ တင်ပို့သည့် လက်နက်များကို နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ဥပဒေ သို့မဟုတ် အမျိုးသမီးများနှင့် ကလေးသူငယ်များအပေါ် ဆန့်ကျင်သည့် အကြမ်းဖက်မှုများတွင် အသုံးပြု မည်ဆိုပါက ထိုလက်နက်များ တင်ပို့မှုကို တားမြစ်ပိတ်ပင်ထားသည်။

ထို့ကြောင့် ကနေဒါအစိုးရအနေဖြင့် တင်ပို့ရောင်းချလိုက်သည့် လက်နက်များသည် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အထောက်အကူပြုနိုင်မည်လော၊ သို့မဟုတ် လျော့ပါးစေလိမ့်မည်လောဆိုသည့် အချက်ကို ထည့်သွင်း စဉ်းစားရ မည်ဟု ဂျိုလီက ပြောကြားခဲ့သည်။

ကနေဒါလွှတ်တော်သည် မတ်လ ၁၈ ရက်က ဂါဇာပဋိပက္ခနှင့်ပတ်သက်ပြီး အလွတ်သဘော တောင်းဆိုချက် တစ်ခုကို ကြေညာခဲ့ပြီး အစိုးရအနေဖြင့် အစ္စရေးအား လက်နက်များ ပို့ဆောင်မှုကို ခွင့်ပြုမပေးရန် တိုက်တွန်း ခဲ့သည်။

Source: ရိုက်တာ