CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁

မွန်ပြည်နယ်တွင် စိုက်ပျိုးထုတ်လုပ်ထားသည့် ရော်ဘာများကို တစ်နေရာမှ တစ်နေရာသို့ သယ်ယူပို့ဆောင်ရာ တွင် ကန့်သတ်မှုများ ရှိနေပြီး ထောက်ခံစာ တောင်းခံမှုများ ရှိနေကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်း လုပ်ကိုင် သူများထံမှ သိရသည်။

ရော်ဘာသည် လယ်ယာထွက်ကုန်ဖြစ်သည့်အတွက် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေတွင် လွတ်လပ်စွာ သယ်ယူခွင့်နှင့် ရောင်းချခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသော်လည်း လက်ရှိတွင် စစ်ဆေးရေးဂိတ်များက ထောက်ခံစာများ တောင်းခံ၍ ငွေကြေး တောင်းယူနေမှုများလည်း ရှိနေသည့် အတွက် ရော်ဘာသယ်ယူခွင့်နှင့်ပတ်သက်၍ ပြည်နယ်အစိုးရထံသို့ တင်ပြသွားရန် ရှိနေကြောင်း မွန်ပြည်နယ် ရော်ဘာအသင်းမှ အတွင်းရေးမှူး ဦးထွန်းထွန်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ရော်ဘာစေးကနေ ရော်ဘာဖြစ်လာရန် အဆင့်ဆင့်လုပ်ဆောင်နေပုံ

“အဓိကတော့ ကျနော်တို့ ဂိတ်တွေ ရှိတယ်ဗျ။ ဂိတ်တွေက ရော်ဘာသယ်လာလို့ရှိရင် သူတို့တွေက တားမြစ်ကုန် တစ်ခုလို မတားပေမယ့်လည်း သူတို့က ဒါက ရော်ဘာသယ်လာတဲ့ပုံစံမျိုး ခွင့်ပြုချက်ရှိလား၊ ဘာလား ညာလား သူတို့ အဲဒီလိုမေးတာမျိုး ခဏခဏ ကြုံရတယ်။ သိုပေမယ့်လည်းပဲ ကျနော်တို့ မွန်မှာ သယ်ယူခွင့်နဲ့ ပတ်သက် ပြီးတော့ ဥပဒေတစ်ခုက ရှိထားပြီးသားဖြစ်တယ် စိုက်ပျိုးရေးထွက်ကုန် ဖြစ်တဲ့အတွက်ကိုပေါ့နော်။ လွတ်လပ်စွာ သယ်ယူရောင်းချခွင့်ရှိတယ်ဆိုတဲ့အတွက်ကြောင့် ကျနော်တို့မွန်မှာ ဘာမှ ပြည်နယ်အစိုးရကလည်း ဘာမှ ထုတ် ထားတာ မရှိဘူး။ ကျနော်တို့လည်း လွတ်လပ်စွာ သယ်ယူလို့ရတယ်လို့ပဲ ကျနော်တို့ မှတ်ယူထားပါတယ်ခင်ဗျ။ ဂိတ်တွေမှာကျတော့ အဲဒီလို မဟုတ်ဘူး။ မျှောစာတွေတောင်းလိုက်၊ ခွင့်ပြုချက်တွေတောင်းလိုက် နောက်ဆုံး တော့လည်း အတိုင်းအတာလေးတစ်ခု သူတို့ ရသွားလို့ရှိရင် သူတို့ ကျေနပ်သွားတယ်ဆိုတဲ့သဘောမျိုး ကျနော်တို့ အများကြီး တွေ့ရတာပေါ့နော်။ အဲဒါကြောင့်မို့ ကျနော်တို့ ရော်ဘာတောင်သူတွေနဲ့ ဂိတ်တွေ၊ ဂိတ်တွေမှာ ရော်ဘာသယ်ယူတာနဲ့ ပတ်သက်ပြီး အနှောင့်အယှက်တွေ ဖြစ်နေတယ်ဆိုတဲ့အကြောင်း ကျနော်တို့ အများကြီး ကြားနေရတာပေါ့နော်။ အဲဒီအတွက်ကိုလည်း ကျနော်တို့ ပြည်နယ်အစိုးရကို မေးခွန်းပြန်မေးဖို့တော့ ရှိပါတယ် ခင်ဗျ” ဟု ပြောသည်။

ဒါ့အပြင် ရော်ဘာ သယ်ဆောင်ရာတွင်လည်း နယ်ကျော်၍ သယ်ဆောင်၍ မရကြောင်း၊ မွန်ပြည်နယ်မှ ရော်ဘာကို ကရင်ပြည်နယ်သို့လည်းကောင်း၊ ကရင်ပြည်နယ်မှရော်ဘာကို မွန်ပြည်နယ်သို့ လည်းကောင်း၊ အလားတူ မွန်ပြည်နယ်မှ ရော်ဘာကို တနင်္သာရီတိုင်းသို့ လည်းကောင်း သယ်ဆောင်ရာတွင်လည်း သယ်ယူခွင့်မပြုဘဲ ဖြတ်သန်းခွင့် ထောက်ခံစာများ တောင်းခံမှုများလည်း ရှိနေသည်ဟု သိရသည်။

ရော်ဘာချပ်များကို နေလှန်းထားစဉ်

ထိုသို့ လွတ်လပ်စွာ သယ်ဆောင်ခွင့် မရသည့်အတွက် အချိန်ကြန့်ကြာခြင်းနှင့် ကုန်ကျစရိတ် ပို၍ များပြားလာ နေပြီး တောင်သူများတွင် ရော်ဘာဈေးနှုန်း ရရှိမှု နည်းပါးသွားသည်ဟု ရေးမြို့နယ်မှ ရော်ဘာလုပ်ငန်းရှင် တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

“ကျနော်တို့က အဲဒီမျှောစာတွေ၊ ထောက်ခံစာတွေ လုပ်တဲ့အခါကျတော့ ဂိတ်တွေ၊ ဂိတ်တွေမှာ ကျနော်တို့ ပိုက်ဆံပေးရတဲ့အခါကျတော့ ကုန်သည်တွေ၊ ပွဲစားတွေက ပေးတယ်ဆိုပေမယ့် တကယ့်တကယ်က အဲဒါတွေ အားလုံးက စရိတ်ကို ဘယ်သူက ကျခံရလဲဆိုတော့ တောင်သူတွေဆီမှာပဲ သူတို့က မျှပြီးတော့ ယူလိုက်ကြတာ ပေါ့လေ။ တောင်သူတွေပဲ ခံစားရတာပေါ့။ အဲဒီကုန်ကျစရိတ်တွေ အားလုံးက သူတို့ ၁ ပေါင် ကုန်ကျစရိတ်ကို သူတို့က ဘယ်လောက်၊ ဂိတ်တွေရဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ ပြီးသွားလို့ရှိရင် သူတို့ ခွင့်ပြုချက်ယူရတဲ့ ကုန်ကျစရိတ် ဘယ်လောက်ရှိတယ် သူတို့ အကုန်လုံး ပေါင်းလိုက်လို့ရှိရင် တစ်ပေါင်ကို ၅ ကျပ်ကျလို့ရှိရင် ၅ ကျပ်လုံး ကောက်လိုက်မယ်။ အဲဒီလို ဖြစ်သွားတဲ့အခါ နောက်ဆုံး အဆုံးသတ်မှာ တောင်သူငယ်တွေပဲ ခံစားရတာ ပေါ့နော်။ ကုန်ကျစရိတ် များလာလေ တောင်သူငယ်တွေက ဈေးရတာ နည်းသွားလေ ဖြစ်သွားတာပေါ့ အဲဒါကို ပြောချင်တာ” ဟု ပြောသည်။

ယခုနှစ်တွင် ရော်ဘာဈေးနှုန်းသည် ပြီးခဲ့သည့်နှစ်ထက် ၂ ဆခန့် မြင့်တက်လျက်ရှိနေပြီး ရော်ဘာ ၁ ပေါင်လျှင် ယခင်က ၁၅၀၀ ကျပ် ရှိရာမှ လက်ရှိတွင် ၃၀၀၀ ကျပ် ရှိနေကြောင်း၊ မွန်ပြည်နယ်သည် ရော်ဘာအများဆုံး စိုက်ပျိုးထွက်ရှိသည့်ဒေသဖြစ်ပြီး နှစ်စဉ် တန်ချိန် ၁ သိန်းကျော် ထုတ်လုပ်လျက် ရှိသည်။