CNI News
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃၁
လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံမှ အလုပ်သမားရေးဝန်ကြီးဌာနတို့ အလုပ်သမားရေးရာ နားလည်မှု စာချွန်လွှာကို ပြီးခဲ့သည့် ရက်ပိုင်းက လက်မှတ်ရေးထိုးခဲ့ကြပြီး လာအိုကို လုပ်သားစေလွှတ်ရသည်အထိ မြန်မာက နိမ့်ကျသွား ပြီလားဟု အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် လုပ်ငန်းရှင်များကြား သုံးသပ်နေကြသည်။
အရှေ့တောင်အာရှတွင် လာအိုနှင့် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံခြင်း တူညီကြသော်လည်း လုပ်သားများအား လာအိုနိုင်ငံသို့ စေလွှတ်ရသည်အထိ မြန်မာနိုင်ငံမှာ ဆင်းရဲနိမ့်ကျသွားသည်ဟု ပြော၍ရကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED မှ အလုပ်သမားတာဝန်ခံ ဦးမင်းဦးက CNI သတင်းဌာနသို့ ပြောသည်။
ထို့အပြင် ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများ၏ အကျိုးခံစားခွင့်များမှာ ၁၀၀ ရာခိုင်နှုန်း မရှိသော်လည်း အများအပြားရှိပြီး လာအိုတွင် ၎င်းအနေအထားမျိုး မရှိသေးကြောင်း၊ အခြားအိမ်နီးချင်း နိုင်ငံများနှင့် အင်မတန် ကွာခြားကြောင်း ၎င်းက ဆက်ပြောသည်။
အလုပ်သမားများကို တွေ့ရစဉ်
ဦးမင်းဦးက “အဲဒါကို ဘယ်လိုလုပ်သွားပြီးတော့ အဲဒီကိုရောက်တဲ့ အလုပ်သမားတွေအနေနဲ့က အဆင်ပြေနိုင် မလဲပေါ့။ ကိုဗစ်ကိစ္စတွေမှာပဲကြည့် လာအိုမှာရှိတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခက်အခဲတွေ အကူအညီတွေ တောင်းလာတာတွေ ကြားရတယ်လေ။ အဲဒါတွေ ဘာမှမှ မလုပ်ပေးနိုင်တာ။ အဲဒါကို လာအိုကို MOU ထိုးပြီး လွှတ်မယ်ဆို လွှတ်တော့လည်း လွှတ်ပေါ့။ လစာတို့ဆိုတဲ့ဟာတွေကတော့ ပြောလာမယ်။ နိမ့်ကျလို့ လွှတ်ရတယ် လို့ပဲ သုံးသပ်ရမှာပဲ။ ထိုင်းကတော့ ရှင်းရှင်းပြောရရင် လုပ်သားလိုအပ်ချက်လည်းရှိတယ်။ အနည်းဆုံးတော့ အခြေခံ လုပ်ခလစာ ဘယ်လောက် အစရှိသဖြင့် ကျန်တဲ့အခွင့်အရေးတွေ၊ လူမှုဖူလုံရေးနဲ့ ပတ်သက်တာတွေ မြင်ရတယ် အနည်းဆုံးက။ လာအိုမှာကြတော့ မသေချာဘူး။ ဘာမှန်းကိုမသိတာ။ လာအိုမှာက အခြေခံအချက် အလက်တွေ ရဖို့အတွက်က သူတို့ဆီမှာလည်း အခက်အခဲတွေ ရှိနေတာလေ အများကြီး။ အဲဒါကို ဘယ်လို သွားပြီးပို့မလဲဆိုတာ ကျနော်တို့လည်း စဉ်းစားလို့တော့ မရပါဘူး။ ဘာလို့ အဲဒါကို ပို့ဖြစ်လဲဆိုတာ” ဟု CNI သတင်းဌာနသို့ ပြောသည်။
လာအိုနိုင်ငံ၏ အခြေခံလုပ်ခလစာသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျသော်လည်း မြန်မာနိုင်ငံ၏ အခြေခံ လုပ်အားခနှင့်နှိုင်းယှဉ်ပါက များစွာသာလွန်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများနှင့် လုပ်ငန်း ရှင်များက ထောက်ပြကြသည်။
လက်ရှိ အနေအထားအရ ပြည်တွင်းတွင် အလုပ်အကိုင် ရှာဖွေရခက်ခဲနေသဖြင့် မြန်မာနိုင်ငံသားများသည် ရရာ အလုပ်ကို လုပ်ကိုင်လိုကြခြင်းကြောင့် သွားရောက်လုပ်ကိုင်ကြမည်ဖြစ်ကြောင်းလည်း ၎င်းတို့က သုံးသပ်သည်။
မြန်မာနိုင်ငံဆိုင်ရာ လာအိုသံအမတ်ကြီးနဲ့ နစကဉက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ်
စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက “ကျနော် ပြောလို့ရတာတစ်ခုက အရှေ့တောင်အာရှ အာဆီယံဒေသ တွင်းမှာဆိုရင် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ မြန်မာဆိုတဲ့ နိုင်ငံ ၄ နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံတွေဆိုပြီးတော့ ဖြစ်ခဲ့ပြီးတော့ ဖွံ့ဖြိုးမှုနောက်ကျရာကနေ ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ကို ကြိုးစားတက်လှမ်းကြတယ်လို့ ပြောကြတဲ့ နေရာမှာ ဗီယက်နမ်ဆို ထွက်သွားတာ ကြာလှနေပြီပေါ့။ ထိုင်းဆိုရင်လည်း ထိုနည်းတူစွာပဲ။ ကမ္ဘောဒီးယားဆိုရင် လည်း လွန်ခဲ့တဲ့ ၃၊ ၄ နှစ်ကတည်းက ၂၀၂၀ လောက်ထဲက နိုင်ငံအနေအထားတစ်ခုကို အာဆီယံဒေသထဲမှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေကနေ အရှိန်ရပြီးတော့ ဖွံ့ဖြိုးနေတဲ့ နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီးတော့ လာအိုဆိုရင်လည်း အခုဆိုရင် လျှပ်စစ်ဓာတ်အားတွေတောင် ပြန်လည်ပြီး ရောင်းချပေးနေတဲ့ နိုင်ငံမျိုးဖြစ်နေတယ်။ သူက ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်နေတာ။ ကျနော်တို့နိုင်ငံရဲ့ လက်ရှိတစ်နေ့ လုပ်အားခဝင်ငွေနဲ့ လာအိုနိုင်ငံမှာရှိတဲ့ အလုပ်သမားတစ်ယောက်ရဲ့ လုပ်အားခဝင်ငွေ နှိုင်းယှဉ်ကြည့်ရင် ဆင်းရဲလား၊ မဆင်းရဲလား အဖြေထွက်လာပါလိမ့်မယ်” ဟု ပြောသည်။
လာအိုနိုင်ငံသို့ မြန်မာနိုင်ငံသားများအနေဖြင့် တရားမဝင် သွားရောက်ကြမှုမှာ များပြားလျက်ရှိပြီး ဒုက္ခမျိုးစုံ ကြုံတွေ့နေကြရသူများလည်း ရှိနေသည်။
လူနေမှုစရိတ် မြင့်မားလာမှုကို လိုက်လျောညီထွေ ဖြစ်စေရန်အတွက် အလုပ်သမားများ၏ အနိမ့်ဆုံး လုပ်ခလစာ လာအိုငွေ ကစ်ပ် ၁,၃၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၆၆ ဒေါ်လာ) မှ လာအိုငွေ ကစ်ပ် ၁,၆၀၀,၀၀၀ (အမေရိကန် ဒေါ်လာ ၈၂ ဒေါ်လာ) သို့ တိုးမြှင့်သတ်မှတ်ထားသည်။