CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁၄
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခများကြောင့် နယ်မြေတည်ငြိမ်မှု မရှိသည့်အတွက် တရုတ်နိုင်ငံမှ လာရောက်စိုက်ပျိုးသည့် ဖရဲစိုက်ပျိုးရေးလုပ်ငန်းများသည် လာအိုနှင့် ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့သွားကြောင်း ဖရဲကုန်သည်များထံမှ သိရသည်။
အထူးသဖြင့် ရှမ်းမြောက်တိုက်ပွဲများကြောင့် ကုန်သွယ်ရေးလမ်းကြောင်း အခက်အခဲနှင့် မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေးများ ပိတ်ထားသည့်အတွက်ကြောင့် ဖြစ်သည်။
တရုတ်လုပ်ငန်းရှင်များက ထိုသို့ ပြောင်းရွှေ့စိုက်ပျိုးရာတွင် မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သည့် မြန်မာအလုပ်သမား များကိုလည်း လာအိုနိုင်ငံသို့ ခေါ်ဆောင်သွားကြောင်း ဖရဲစိုက်တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “လာအိုနဲ့ ဗီယက်နမ်ကို ရွှေ့သွားကြတာပေါ့နော်။ မြန်မာပြည်က သိတဲ့အတိုင်းပဲ အခုလက်ရှိက လုံခြုံမှု ရော၊ နိုင်ငံရေး အခင်းအကျင်းရော ဘာနဲ့ဆိုတော့ ဒီဘက်ကို မဝင်ကြဘူးလေ။ နောက်တစ်ခုက လာအိုနဲ့ ဗီယက်နမ်နဲ့ကျတော့ ကုန်သွယ်မှုကလည်း အဆင်ပြေတယ်လေ။ လမ်းကြောင်းကလည်း နီးတာကိုး။ တရုတ်ပြည် ကိုသွားဖို့ လမ်းကြောင်းလည်းနီးတော့ အဲဒီဘက်ကို ရွှေ့စိုက်ကြတာ။ မြန်မာနိုင်ငံသားတွေ မပါပါဘူး။ မြန်မာပြည် ထဲမှာ လာစိုက်နေတဲ့ တရုတ်တွေက မြန်မာပြည်ထဲကို လာမစိုက်ကြတော့ဘဲနဲ့ လာအိုနဲ့ ဗီယက်နမ်ကို ပြောင်း စိုက်ကြတာ။ စိုက်တာက တရုတ်တွေ၊ ပြောချင်တာက မြန်မာနိုင်ငံမှာ စိုက်နေတဲ့ တရုတ်တွေက မြန်မာနိုင်ငံမှာ သူတို့ အရင်က ခိုင်းနေတဲ့ အလုပ်သမားတွေ ရှိတယ်။ ခိုင်းနေကျ အလုပ်သမားတွေက အဲဒီကနေ မြစ်ကျော်ပြီး တော့ တရားမဝင် ဝင်သွားတာပေါ့လေ။ နယ်စပ်ကျော်ပြီးတော့ အဲဒီမှာ စရိတ်စက ခံတဲ့ပုံနဲ့ လှမ်းခေါ်လိုက်တာ။ လာအိုမှာက လာအိုနိုင်ငံသူ၊ နိုင်ငံသားတွေက ခိုင်းလို့မှ မရတာ။ ခိုင်းရင် ဈေးတအားကြီးတာ။ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေက ဈေးသက်သာတာကိုး။ အလုပ်သမားတွေကျတော့ မြန်မာအလုပ်သမားများတယ်” ဟု ပြော သည်။
ဖရဲသီးစိုက်ခင်းကိုတွေ့ရစဉ်
မြန်မာနိုင်ငံတွင် ဖရဲစိုက်ဧက ၁ သိန်းခွဲ ဝန်းကျင်တွင် စိုက်ဧက၏ ထက်ဝက်မှာ တရုတ်လုပ်ငန်းရှင်များက မြေ ငှားရမ်း စိုက်ပျိုးခြင်းနှင့် အကျိုးတူပူးပေါင်း၍ စိုက်ပျိုးထားသည့် စိုက်ခင်းများ ဖြစ်သည်။
ထိုသို့ တရုတ်လုပ်ငန်းရှင်များ လာအိုသို့ ပြောင်းရွှေ့သွားသော်လည်း ပြည်တွင်း၏ ဖရဲဈေးကွက်ကို အနည်းငယ် သာ ထိခိုက်စေနိုင်ကြောင်း၊ လာအိုနိုင်ငံတွင် စိုက်ပျိုးရာ၌ ကုန်ကျသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံမှာ စိုက်ပျိုးရာ၌ ကုန်ကျသည့် ကုန်ကျစရိတ်သည် ထက်ဝက်မက ကွာခြားမှု ရှိနေခြင်းကြောင့် ဖြစ်သည်။
ဖရဲကုန်သည် ကိုသစ္စာက “ဈေးကွက်ရဲ့ အကျိုးသက်ရောက်မှုကတော့ နည်းပါတယ်။ တရုတ်တွေ လာမစိုက်တဲ့ အတွက်ကြောင့် မြန်မာနိုင်ငံ အနေနဲ့ကတော့ ဈေးကွက်ကို ထိခိုက်မှုကတော့ နည်းတယ်။ လာအိုနဲ့ ဗီယက်နမ်တို့ စိုက်နေတဲ့ ကုန်ကျစရိတ်နဲ့ မြန်မာမှာ စိုက်နေတဲ့ ကုန်ကျစရိတ်က မတူဘူး။ လာအိုတို့၊ ဗီယက်နမ်တို့မှာ စိုက်လို့ရှိ ရင် ဥပမာတစ်ခု မြန်မာနိုင်ငံမှာစိုက်လို့ တစ်ဧကကို သိန်း ၇၀ ကုန်ရင် လာအိုတို့၊ ဗီယက်နမ်တို့မှာ သွားစိုက်ရင် သိန်း ၁၅၀ လောက်ကုန်တယ်။ ဒီကုန်ကျစရိတ်က မတူတော့ဘူး။ အဲဒီအခါကျတော့ မြန်မာနိုင်ငံမှာ လာစိုက်တာ ကျတော့ မြေငှားခ ဈေးနှုန်း သက်သာတယ်။ အလုပ်သမားခ အရမ်းသက်သာတယ်။ ဒီအချက်တွေပေါ် မူတည် တယ်”ဟု ပြောသည်။
ဖရဲသီးစိုက်ခင်းကိုတွေ့ရစဉ်
ထိုသို့ တရုတ်စိုက်ခင်းများ လာအိုနှင့် ဗီယက်နမ်နိုင်ငံသို့ ပြောင်းရွှေ့သွားခြင်းကြောင့်လည်း ကောင်းကျိုးများ ရှိကြောင်း၊ မြန်မာဖရဲစိုက်တောင်သူများသည် တရုတ်နည်းပညာဖြင့် ဖရဲများကို တရုတ်လုပ်ငန်းရှင်များနှင့် ယှဉ်ပြီး စိုက်ပျိုးနိုင်၍ မြန်မာတောင်သူများအတွက် ကောင်းသည့် အလားအလာရှိသည်ဟု တောင်သူများက ပြောသည်။
ထို့ပြင် လာအိုနှင့် ဗီယက်နမ်နိုင်ငံတွင် စိုက်ပျိုးရာ၌ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေသော်လည်း မြေငှားရမ်းခ၊ အလုပ်သမားစရိတ် စသည်တို့မှာ မြင့်မားခြင်းနှင့် မြန်မာမှာ စိုက်ပျိုးထားသည့် ဖရဲအရည်အသွေးကို မမှီခြင်း စသည့် အကြောင်းများကြောင့် နောင်တချိန်တွင် တရုတ်လုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက် စိုက်ပျိုးလာမည် ဖြစ်သည်။