CNI News
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၁
မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် မြဝတီ - ကော့ကရိတ် လမ်းပိုင်းတချို့ ပြန်လည်အသုံးပြု၍ ရနေပြီဖြစ်ကြောင်း သိရသည်။
မြဝတီ - ကော့ကရိတ်လမ်းသည် လက်နက်ကိုင် ပဋိပက္ခနှင့် ရာသီဥတုဒဏ်ကြောင့် ပြီးခဲ့သည့် မိုးတွင်းကာလတွင် အသုံးပြုနိုင်ခြင်း မရှိခဲ့ကြောင်း၊ လက်ရှိတွင် ပြန်လည်ပြုပြင် ပြီးစီးပြီဖြစ်သလို နှစ်ဖက် အဖွဲ့အစည်းများ၏ ညှိနှိုင်း မှုများကြောင့် ယခုသီတင်းပတ်မှစတင်၍ ဖြတ်သန်းသွားလာ အသုံးပြုနေခြင်း ဖြစ်သည်။
မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး အသုံးမပြုနိုင်ခင် အချိန်က ယခင် အသုံးပြုခဲ့သည့် လမ်းဟောင်းများဖြစ် သည့် ဒေါနတောင်တက်လမ်း၊ ထို့ကော်ကိုးလမ်းနှင့် ကြက်ဥတောင်လမ်းများကို အသုံးပြုကာ ကုန်သွယ်ခဲ့ရ ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။
မြဝတီ-ကော့ကရိတ်လမ်း အခြေအနေကို တွေ့ရစဉ်
၎င်းက “လမ်းဟောင်းပေါ့၊ အရင် ကော့ကရိတ်ကနေ သွားနေတဲ့ လမ်းဟောင်းတို့၊ တောလမ်းတို့ သွားတာပေါ့နော်။ အခု လောလောဆယ်တော့ လမ်း ၄ လမ်းလောက် ရှိတယ်ပေါ့နော်။ ကြက်ဥတောင်လမ်းတို့၊ 1080 လမ်းတို့ အဲဒီလို လမ်းတွေတော့ သွားလို့ရနေတယ်။ ဘယ်လို နားလည်မှုနဲ့တော့ သွားလို့ရနေတယ်လို့ မပြောတတ်ဘူးပေါ့နော်။ လောလောဆယ်ကတော့ မြဝတီလမ်းကို အသုံးပြုပြီးတော့ ပြောင်းနဲ့ ပတ်သက်ပြီးတော့ သွားဖို့တော့ မရှိဘူးလေ။ ၁ လပိုင်းကုန်လာလို့ ၁၂ လပိုင်းတို့၊ ၁ လပိုင်းတို့ ဖြစ်လာရင်တော့ မြဝတီကို သွားလို့ရနေတယ်ဆိုရင်တော့ ၂ လ ပိုင်းကို ရောက်ဖို့အတွက် ကြိုပြီးတော့ ပြောင်းဆံတွေ သယ်ထားတာမျိုးတို့ ဖြစ်ကောင်းဖြစ်နိုင်တာပေါ့နော်။ လောလောဆယ်တော့ မဖြစ်နိုင်သေးဘူးလေ။ ကုန်ကျစရိတ် များသွားတော့ ကုန်ပစ္စည်းပေါ်မှာ ဈေးပိုကုန်ကျတာ ပေါ့နော်” ဟု ပြောသည်။
မြဝတီသို့ တောလမ်းမှတဆင့် ကြက်သွန်များ တင်ပို့ရာတွင် ကုန်ကျစရိတ် မြင့်တက်နေကြောင်း၊ လက်ရှိ မြဝတီ - ကော့ကရိတ် လမ်းပိုင်းများ ပြန်လည်အသုံးပြု၍ ရသွားသဖြင့် ကုန်တင်ကားခ ကုန်ကျစရိတ် ထက်ဝက်ခန့် သက်သာသွားနိုင်သည်ဟု မြင်းခြံကြက်သွန်ကုန်သည် ဦးအောင်စိန်က CNI သတင်းဌာနသို့ ပြောသည်။
မြဝတီကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
၎င်းက “ဟိုတုန်းက မိုးများတဲ့အချိန်တုန်းက ၁ ပိဿာကို ၇၀၀ ကျတဲ့လမ်း၊ အဲဒီလမ်းက အခုလတ်တလော အခြေအနေအရ တစ်ဝက် သက်သာသွားပြီ။ တွဲကားတော့ မရဘူးလေ။ ဖြတ်လမ်းကဆိုတော့။ ၁၂ ဘီးအထိ တိုက်ရိုက် တက်လို့ရသွားပြီ။ ၁၂ ဘီး တက်ရသွားလို့ရှိရင် တိုက်ရိုက် မြဝတီအထိ တက်ရသွားလို့ရှိရင် စရိတ်က ဒီထက် လျော့သွားမှာ။ အခုက သာမညနဲ့ မြဝတီ ဈေးလေးတင် ၃၀၀၊ ၃၅၀ လို့ပြောတာ။ ဒီဘက်ကနေ သာမည ရောက်အောင် ပို့ရတဲ့ဈေးက ၂၅၀ ရှိသေးတယ်။ အဲဒီတော့ ဟိုဘက်လမ်းကြောင်းက တိုက်ရိုက် တက်လို့ရပြီဆိုလို့ ရှိရင် မြဝတီအရောက် ဒီကနေ ကားခ ၄၀၀ တို့၊ ၃၅၀ တို့၊ ၅၀၀ တို့ ဖြစ်သွားရင် အခု ၆၀၀၊ ၇၀၀ ကုန်တဲ့လမ်းက ထက်လျော့သွားမှာပေါ့” ဟု ပြောသည်။
လမ်းပိုင်းအခြေအနေများ ပြန်လည်ကောင်းမွန် လာနေပြီဖြစ်သော်လည်း လမ်းကြောင်းတလျောက်ရှိ လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဂိတ်ကြေးကောက်ခံနေသည့် ဂိတ်အရေအတွက် များပြားနေခြင်းနှင့် ကောက်ခံသည့် နှုန်းထားများ မြင့်မားနေခြင်းကြောင့် ကုန်သွယ်မှု ကုန်ကျစရိတ်များ ဆက်လက် မြင့်တက်နေမည် ဖြစ်သည်ဟု ကုန်သည်များက ပြောသည်။