CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀

ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို လုံခြုံရေး အခြေအနေအရ ယာယီဖြတ်သန်း သွားလာခွင့်ကို ပိတ်ထားကြောင်း သိရသည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF)မှ ဗိုလ်မှူးနိုင်မောင်ဇော်က အစည်းအဝေး လုပ်နေသည့်အတွက် မပြောနိုင်သေးကြောင်း ဆိုသည်။

DKBA မှ ဗိုလ်မှူးကြီး စောကျော်သန်းဋ္ဌေးက “လမ်းပိတ်ထားတာ မှန်ပါတယ်။ ကော့ကရိတ်-မြဝတီဘက်ကို သွား လို့ မရဘူး။ ကြားထဲမှာ ကားတွေ ပိတ်မိထားတာတော့ မကြားမိဘူး။ ဘာကြောင့်ဆိုတာတော့ ကျနော်လည်း မပြောနိုင်ဘူး၊ ပြောခွင့်မရှိဘူး။ ကျနော်တို့လုပ်တာလည်း မဟုတ်တော့လေ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ကော်ဘရာစစ်ကြောင်းကိုတွေ့ရစဉ် (Cobra Column)

အောက်တိုဘာ ၁၉ ရက်နေ့က မြဝတီ-ဝေါ်လေးသွားလမ်းတွင် ကော်ဘရာစစ်ကြောင်းနှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တပ်မ (၄၄)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ဝင်းမင်းဦး ကျဆုံးခဲ့ကြောင်း ကော်ဘရာစစ် ကြောင်းက ထုတ်ပြန်ခဲ့သည်။

ထို့နောက် အောက်တိုဘာ ၁၅ ရက်နေ့ကလည်း မြဝတီမြို့ အမှတ် ၁ ချစ်ကြည်ရေးတံတားအနီးမှာ ဗုံးပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး ကား ၄ စီးနှင့်အနီးအနားရှိ အဆောက်အဦးများ ပျက်စီးသွားခဲ့သည်။

အဆိုပါ အခြေအနေများ ဖြစ်ပေါ်ပြီးနောက် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို လုံခြုံရေးအရ ဖြတ်သန်း သွားလာခွင့်ကို ယာယီပိတ်လာကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်ထားခြင်းကြောင့် အွန်လိုင်းရှော့ပင်းသမားများသည် မှာယူထားသော ပစ္စည်းများ အချိန်မှီမရောက်၍ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

အလားတူ နှစ်နိုင်ငံ ကုန်သွယ်ရေး လုပ်ငန်းများလည်း နှောင့်နှေးသွားနိုင်ကြောင်း ကုန်သည်များက ပြောသည်။