CNI International News

တိုကျို၊ ဩဂုတ် ၁၉

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လကြား သီရိလင်္ကာသို့ ဂျပန်၏ တစ်ပတ်ရစ်ကား တင်ပို့မှုသည် ယန်း ၄၆ ဒသမ ၉ ဘီလျံ (ဒေါ်လာ ၃၁၈ သန်း) အထိ မြင့်တက်လာခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

သီရိလင်္ကာသည် ဂျပန် တစ်ပတ်ရစ်ကားများ တင်သွင်းဝယ်ယူမှုကို ၅ နှစ်ကြာ ပိတ်ပင်ခဲ့ပြီးနောက် ထိုပိတ်ပင်မှုကို ဖေဖော်ဝါရီလက ပြန်လည်ရုပ်သိမ်းခဲ့သဖြင့် ပထမနှစ်ဝက် ကားတင်ပို့မှု အရေအတွက်သည် မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

သီရိလင်္ကာနိုင်ငံသားများသည် စျေးမကြီးသည့် မော်တော်ယာဉ်များကို ဝယ်ယူရန် နှစ်ပေါင်းများစွာကြာ စောင့်ဆိုင်းခဲ့ရသဖြင့် ဂျပန် တစ်ပတ်ရစ်ကားများ တင်သွင်းဝယ်ယူမှု ပိတ်ပင်ချက်ကို ရုပ်သိမ်းလိုက်ချိန်တွင် စျေးကွက်အတွင်း ဝယ်လိုအားများ မြင့်တက်ခဲ့သည်။

ဂျပန်၏ တစ်ပတ်ရစ်ကား တင်ပို့ရောင်းချမှု မြင့်တက်နေသကဲ့သို့ တရုတ်၏ ဆီကားများနှင့် လျှပ်စစ်ကားများ သည်လည်း သီရိလင်္ကာတွင် ဝယ်လိုအား မြင့်တက်နေသည်ဟု ဆိုသည်။

အထူးသဖြင့် BYD နှင့် MG ကဲ့သို့ တရုတ်ကားများသည် သီရိလင်္ကာတွင် လူကြိုက်များသည့် ကားများ ဖြစ်လာ ခဲ့သည်။

သီရိလင်္ကာနိုင်ငံအတွင်းက တရုတ် BYD ကားအရောင်းစင်တာကို တွေ့ရစဉ်

သီရိလင်္ကာသည် စီးပွားရေးနှင့် ကြွေးမြီ အကျပ်အတည်းကြောင့် နိုင်ငံခြားငွေကြေးကို ထိန်းသိမ်းရန်အတွက် ၂၀၁၉ ခုနှစ်က မော်တော်ယာဉ်များ တင်သွင်းဝယ်ယူမှုကို တားမြစ်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် သီရိလင်္ကာ၏ စီးပွားရေးသည် ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ ရပြီး ပြည်ပငွေကြေးများ ပြတ်လပ်ခဲ့ကာ လောင်စာ၊ ဆေးဝါးနှင့် အခြား အခြေခံ ကုန်စည်များ ရှားပါးခဲ့သည်။

သို့သော် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ချေးငွေ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံကို လက်ခံရရှိရန်အတွက် သီရိလင်္ကာသည် ၎င်း၏ ကြွေးမြီ အကျပ်အတည်းကို ဖြေရန်ရန်နှင့် မော်တော်ယာဉ်များ အပါအဝင် ပြည်ပ သွင်းကုန်များကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး တဆင့်ချင်းစီ ပြန်ဖွင့်ပေးရန် သဘောတူခဲ့သည်။

Source: Nikkei Asia