CNI International News

စင်္ကာပူ၊ ဩဂုတ် ၁၂

စင်္ကာပူနိုင်ငံသည် စတော့ရှယ်ယာစျေးကွက်ကို မြင့်တက်စေရန် အစီအစဉ်သစ်တစ်ခုကို လုပ်ဆောင်ခဲ့ပြီး စင်္ကာပူနိုင်ငံ၏ အခန်းကဏ္ဍအား ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး ဗဟိုချက်တစ်ခုအဖြစ် ပြောင်းလဲလာစေရန် ရည်ရွယ်ခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

စင်္ကာပူ ငွေကြေး အာဏာပိုင်အဖွဲ့ (MAS) သည် စင်္ကာပူဒေါ်လာ ၅ ဘီလျံတန်ဖိုးရှိ စတော့ရှယ်ယာ စျေးကွက် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (EQDP) ကို စတင် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုစီမံကိန်းသည် စင်္ကာပူစတော့ အိတ်ချိန်းတွင် စာရင်းသွင်းထားသည့် ကုမ္ပဏီများထဲသို့ ရင်းနှီးမတည်ငွေ အသစ်များ ထပ်မံရောက်ရှိလာစေရန်၊ အထူးသဖြင့် လျစ်လျူရှု ခံရလေ့ရှိသည့် အသေးစားနှင့် အလတ်စား ကုမ္ပဏီများကို စတော့ရှယ်ယာစျေးကွက် ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လက MAS သည် JP Morgan ၊ Avanda နှင့် Fullerton Fund Management ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီများ၏ ဘဏ္ဍာငွေ မန်နေဂျာ ၃ ဦးအတွက် ပထမဆုံးအကြိမ်အဖြစ် စင်္ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလျံ လျာ ထားခဲ့သည်။

စင်္ကာပူ ကုန်ထုတ်လုပ်ငန်းကို တွေ့ရစဉ်

ရည်ရွယ်ချက်မှာ ထိုလျာထားငွေများဖြင့် စင်္ကာပူ စတော့အိတ်ချိန်း စာရင်းဝင် ပြည်တွင်းကုမ္ပဏီများ၏ ရှယ်ယာ များကို ဝယ်ယူစေပြီး တိုက်ရိုက်ရင်းနှီးမြှုပ်နှံစေရန် ဖြစ်သည်။

ထို့ပြင် MAS သည် အခွန်နှင့်ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်မည့် အချက်များကိုလည်း ထုတ်ပြန် ခဲ့သည်။

ထိုအချက်များအနက် ကုမ္ပဏီတစ်ခု အနေဖြင့် စင်္ကာပူ စတော့အိတ်ချိန်းတွင် ၎င်းတို့၏ ရှယ်ယာများကို ပထမ အကြိမ် စာရင်းသွင်းပါက ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်း လျှော့ချပေးမည်ဖြစ်သည်။

ထိုအချက်က ပြည်တွင်းကုမ္ပဏီများကို ဆွဲဆောင်နိုင်စေမည်ဖြစ်သည်။

နောက်တစ်ချက်မှာ ပြည်ပနိုင်ငံများ၏ စတော့အိတ်ချိန်များတွင် စာရင်းသွင်းထားသည့် ကုမ္ပဏီတစ်ခုအနေဖြင့် စင်္ကာပူစတော့အိတ်ချိန်းတွင် စာရင်းသွင်းမည်ဆိုပါက ဝင်ငွေခွန် ၁၀ ရာခိုင်နှုန်းကို လျှော့ချပေးမည်ဖြစ်သည်။

ထိုအချက်က ပြည်ပကုမ္ပဏီများကို စင်္ကာပူ စတော့အိတ်ချိန်းတွင် ပါဝင်လာစေရန် ဆွဲဆောင်စေနိုင်မည်ဖြစ်သည်။

၂၀၂၅ ခုနှစ်အတွင်း စင်္ကာပူစတော့အိတ်ချိန်း (SGX) သည် နှစ်စဉ် ဝင်ငွေအများဆုံးရကြောင်း ထုတ်ပြန်ခဲ့ပြီး ဝင်ငွေ သည် စင်္ကာပူဒေါ်လာ ၁ ဒသမ ၃ ဘီလျံရှိခဲ့ကာ အသားတင် အမြတ်သည် စင်္ကာပူဒေါ်လာ ၆၀၉ ဒသမ ၅ သန်း ရှိခဲ့သည်။

Source: Nikkei Asia