CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၅

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် ‌ရွေး‌ကောက်ပွဲမတိုင်ခင်မှာ တစ်ဖွဲ့ချင်းဖြင့် လုပ်သွားနိုင်သည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာနသို့ ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ်(Peace Forum)ကျင်းပစဉ်က ပြည်နယ်နှင့်တိုင်းအလိုက် အာဏာခွဲဝေပေးခြင်းဖြင့်လည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ကြရန် အကြံပြု ဆွေးနွေးချက်များ ရှိကြောင်း သိရသည်။  

ရွေးကောက်ပွဲ မတိုင်ခင်၌ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဖြစ်နိုင်သည့် လက်နက်ကိုင် အဖွဲ့အစည်းများဖြင့် တစ်ဖွဲ့ချင်း လုပ်ဆောင်သွားနိုင်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လုပ်ဆောင်နေသူ ဦးခွန်းဆိုင်က CNI သတင်းဌာန သို့ ပြောသည်။

ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေစဉ် 

၎င်းက “အခု NCA ကိုယ်တိုင်က လောလောဆယ်မှာ NCA က နှစ်ပိုင်းရှိတာပေါ့။ တစ်ပိုင်းက သူ့ရဲ့ အခြေခံ မူဝါဒ အပိုင်း။ အခြေခံ မူဝါဒအပိုင်းကတော့ ပြောင်းလဲဖို့ နည်းမယ်ပေါ့။ ဒါပေမယ့် ငြိမ်းချမ်းရေး‌ ဆွေးနွေးပွဲတွေ အကောင်အထည်ဖော်မှု အပိုင်းဆိုတဲ့ အခါကြတော့ အရင်တုန်းကဆိုရင် ၂၁ ဖွဲ့ပဲ ရှိတာကို။ အခုကြတော့ ရာနဲ့ချီ ရှိလာတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပိုင်းက အများကြီး ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ အားလုံးပါဖို့ဆိုရင် အဲဒါ ကြောင့် ဒီဥစ္စာက အချိန်ယူရမှာ ဖြစ်တယ်။ သို့တည်းမဟုတ် လုပ်နိုင်တာကတော့ တစ်ဖွဲ့ချင်း ဆွေးနွေးတာလည်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ဖြစ်နိုင်တာက Peace Forum ထဲမှာ ပြောသွားသလို တချို့တလေ ပြောသွားတာက တော့ ပြည်နယ်အလိုက်၊ တိုင်းအလိုက် တာဝန်ခွဲပေးဖို့၊ အာဏာခွဲဝေပေးဖို့ အဲဒီနည်းနဲ့ စေ့စပ်ဆွေးနွေးဖို့ ဆိုတာ တွေ ရှိတယ်။ ဒါတွေဟာ ချက်ချင်း ဖြစ်လာမလား၊ ဖြစ်ဖို့လွယ်မလား။ အခုလောလောဆယ် ဒီလို ဖြစ်လာဖို့က တော့ အလားအလာက မတွေ့မြင်ရသေးဘူးပေါ့။ အဲဒီတော့ အခုလောလောဆယ်ကတော့ Peace Forum ပြီးတဲ့ နောက်ပိုင်းမှာ သူတို့ပြောတာကို နားထောင်လိုက်ရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုတာ ရွေးကောက်ပွဲ မတိုင်ခင်က တော့ တစ်ဖွဲ့ချင်းလောက်ပဲ ဖြစ်မယ်။ ဖြစ်နိုင်တဲ့အဖွဲ့နဲ့ လုပ်သွားမှာပေါ့” ဟု ပြောသည်။

ရွေးကောက်ပွဲ မတိုင်ခင်ကာလ၌ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနီးပါး စုစည်းနိုင်ရေးမှာ လက်ရှိ အခြေအနေအရ မလွယ်ကူကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ၊ ဖိုရမ်များ ပြုလုပ်သည့်အခါတွင် NCA လက်မှတ်ထိုးထားသည့် ၇ ဖွဲ့ဖြင့် သာ ပြုလုပ်ပြီး မြေပြင်၌ တိုက်ပွဲဖြစ်ပေါ်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှာမူ မပါဝင်ကြ သည်ကို တွေ့ရသည်။

လက်နက်ကိုင်ရသည့် အအကြောင်းတရား အခြေခံနှင့် နိုင်ငံရေး သဘောတရားတို့ကို နှစ်ဖက် ညှိနှိုင်းပြီး ရလဒ် ထွက်အောင် ဆောင်ရွက်နိုင်ရန်မှာ အလွန်တရာ အရေးကြီးကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) မှ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လက်နက်ကိုင်တွေကို‌ တွေ့ရစဉ် 

၎င်းက “ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ထဲထဲဝင်ဝင် ဆွေးနွေးကြတဲ့အခါ ဘယ်လိုပဲဖြစ်ဖြစ်ပါ လာမယ့် အောက်တို ဘာ ၁၅၊ NCA ၁၀ နှစ်ပြည့် အခမ်းအနားကတော့ဖြင့် ခပ်ကြီးကြီး ကျင်းပလာနိုင်တဲ့ အနေအထားလို့ သုံးသပ်တာ ပေါ့လေ။ နိုင်ငံတော်ဘက်က ဘယ်လိုပြင်ဆင်ထားသလဲ။ လာမယ့် ရွေးကောက်ပွဲက ဒီဇင်ဘာ ၂၈။ အောက်တိုဘာ လ ၁၅ မှာက ကြီးမားတဲ့ NCA စာချုပ်ပေါ့။ လွတ်လပ်ရေး အလွန်ကာလ လက်နက်ကိုင် အဖွဲ့အစည်းများနဲ့ အစိုးရ ညှိနှိုင်းနိုင်တဲ့ သဘောတူညီချက်ပေါ့။ အဲဒါကြီး ရေရှည်တည်တံ့ပြီးမှ လက်နက်ကိုင်ရတဲ့ အကြောင်းတရား အခြေခံ နိုင်ငံရေး သဘောတရားကို ဘယ်လိုနှစ်ဖက် ညှိနှိုင်းပြီး ရလဒ်ထွက်အောင် ဆောင်ရွက်နိုင်မှာလား ဆိုတာကတော့ အလွန်တရာ အရေးကြီးတယ်။ ၁၀ နှစ်မြောက် အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်၊ အဖွဲ့အစည်းပေါင်းစုံ လာရောက်ကြပြီးမှ မြန်မာ့နိုင်ငံရေးကို အဖြေထုတ်ကြတာလည်းပဲ အန်ကယ် တို့ တွေ့မြင်ချင်ပါတယ်” ဟု ပြောသည်။

လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ် ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားသို့ စာချုပ်ရေးဆွဲစဉ်က ပါဝင်ခဲ့သည့် တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့(EAO) ခေါင်းဆောင်များကို ဖိတ်ကြားရန် ရှိကြောင်းလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ် များထံက သိရသည်။

NCA ၁၀ နှစ်ပြည့် ပွဲပြီးနောက် အောက်တိုဘာ ၁၆-၁၇ ရက်တွင် Peace Forum တစ်ခု ကျင်းပသွားမည်ဟုလည်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များထံက သိရသည်။

သို့သော်လည်း တစ်ဖက် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ ဘက်တွင်လည်း အဖွဲ့အစည်းအတွင်း သဘောထား ကွဲလွဲမှုများကြောင့် လာနိုင်မည့် အနေအထား မရှိကြောင်းလည်း သုံးသပ်မှုများရှိသည်။