CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၇

အီရန်စစ်ပွဲကို အဆုံးသတ်ရန် ယာယီသဘောတူညီချက် ရရှိခဲ့ခြင်းကြောင့် စစ်ပွဲကာလအတွင်း စျေးနှုန်းများ မြင့်တက်ခဲ့ရသည့် စက်သုံးဆီများ၊ လူသုံးကုန်ပစ္စည်းများ၊ လေယာဉ် လက်မှတ်ခများနှင့် အခြားသော ကုန်ပစ္စည်း များ၏ စျေးနှုန်းများသည် ချက်ချင်း ကျဆင်းသွားဖွယ် မရှိကြောင်း အေပီမှ ဖော်ပြခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသမှ ရေနံများ ပြန်လည် စီးဆင်းလာသည့်တိုင် စားသုံးသူများအနေဖြင့် မိမိတို့ ဒေသတွင်းရှိ စက်သုံးဆီဆိုင်များ၊ စူပါမားကတ်များနှင့် အခြားသော စျေးဝယ် နေရာများတွင် စျေးနှုန်းကွာခြားချက် (စျေးကျ သွားခြင်း)ကို ချက်ချင်း မြင်တွေ့ရဦးမည် မဟုတ်ကြောင်း စီးပွားရေးပညာရှင်များနှင့် လေ့လာဆန်းစစ်သူများက သုံးသပ်ထားသည်။

ဟော်မုဇ်ရေလက်ကြားအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများသည် ရေနံစိမ်းနှင့် သန့်စင်ပြီး စက်သုံးဆီ ထောက်ပံ့မှု များကိုသာမက မြေဩဇာ၊ အစားအစာနှင့် ကုန်စည်စီးဆင်းမှု ကွင်းဆက် တစ်ခုလုံးကိုပါ အနှောင့်အယှက် ဖြစ်စေ ခဲ့သည်။

ဟော်မုဇ်ရေလက်ကြားကို တွေ့ရစဉ်

လုပ်ငန်းရှင်များ အနေဖြင့် ကုန်ကျစရိတ် မြင့်တက်မှုများ ရေရှည်ဆက်ရှိနေဦးမည်ဟု မျှော်လင့်ထားသဖြင့် စားသုံး သူများ အနေဖြင့်လည်း ယင်းအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း  ကိုလံဘီယာ စီးပွားရေး တက္ကသိုလ်တွင် သင်ကြားပို့ချနေသည့် စီးပွားရေးပညာရှင် ဘရက်တ် ဟောက်စ် (Brett House) က ပြောကြားခဲ့သည်။

ယာယီသဘောတူညီချက် ရရှိသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် ဇွန်လ ၁၅ ရက်တွင် ရေနံစိမ်းတစ်စည် လျှင် ဒေါ်လာ ၈၀ ဝန်းကျင်အထိ ကျဆင်းသွားခဲ့သည်။

ထိုစျေးနှုန်းမှာ စစ်ပွဲမတိုင်မီက ရေနံတစ်စည်လျှင် ၆၇ ဒေါ်လာနှင့် စစ်ပွဲ အစောပိုင်း ကာလအတွင်းက ရေနံ တစ်စည်လျှင် ဒေါ်လာ ၁၂၀ ကျော်အထိ စံချိန်တင် မြင့်တက်ခဲ့သည့် စျေးနှုန်းများနှင့် နှိုင်းယှဉ်ချက် ဖြစ်သည်။

စက်သုံးဆီ ထည့်နေစဉ်

စက်သုံးဆီ ထုတ်လုပ်သည့် စက်ရုံများသည် ပုံမှန်အားဖြင့် ရေနံစိမ်းများအတွက် တစ်လ သို့မဟုတ် တစ်လထက် ပိုပြီး ကြိုတင် ငွေပေးချေ ကြရခြင်းဖြစ်သောကြောင့် ရေနံစိမ်းစျေးနှုန်းများ ကျဆင်းသွားသည့်တိုင် ၎င်းတို့အနေ ဖြင့် စက်သုံးဆီများကို ချက်ချင်း စျေးလျှော့ရောင်းချမည် မဟုတ်ပေ။

ထို့ပြင် စစ်ပွဲကြီး ပြီးဆုံးသွားသည့် တိုင်အောင် ခရီးသွားများအနေဖြင့် လေယာဉ် လက်မှတ်ခများ ချက်ချင်း ပြန်လည် ကျဆင်းသွားလိမ့်မည်ဟု မျှော်လင့်မထားသင့်ကြောင်း လေ့လာသူများက ယခင်ကတည်းက သတိပေး ပြောကြားခဲ့ကြသည်။

လေကြောင်းလိုင်းများသည် ပုံမှန်အားဖြင့် စက်သုံးဆီကို ကြိုတင်ဝယ်ယူလေ့ရှိခြင်း၊ ၎င်းတို့၏ ပျံသန်းမှု အချိန် ဇယားများကို တစ်ဆင့်ချင်းစီ ပြန်လည် ပြင်ဆင်လေ့ရှိခြင်းနှင့် လေယာဉ် လက်မှတ် စျေးနှုန်းများကို ဝယ်လိုအား အပေါ် မူတည်ပြီး သတ်မှတ်လေ့ရှိခြင်းတို့ကြောင့် လက်မှတ်ခများသည် လအနည်းငယ် ကြာသည်အထိ ကျဆင်း သွားဖွယ်မရှိကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: အေပီ