CNI News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၄
အိမ်နီးချင်း အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံအပေါ် မည်သည့် ကဏ္ဍများ၌ ပါဝင်မှု ရှိလာနိုင်သလဲ ဆိုသည့်အပေါ် နိုင်ငံရေးလေ့လာသူများအကြား သုံးသပ်ဆွေးနွေးမှုများ ရှိနေကြသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီနှင့် မြန်မာသမ္မတ ဦးမင်းအောင်လှိုင် တို့သည် နယူးဒေလီမြို့၌ တွေ့ဆုံခဲ့ပြီး မြေရှားသတ္ထု၊ ကုန်သွယ်ရေးနှင့် လုံခြုံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယ၏ အရှေ့မျှော်ဝါဒဖြစ်သည့် Look Act East ပေါ်လစီအရ မြန်မာနိုင်ငံကို မဖြစ်မနေ ဆက်ဆံရ မည်ဖြစ်ကြောင်း၊ အာဆီယံသို့ ကုန်သွယ်နိုင်ရေးအတွက် မြန်မာ၏ ပထဝီနိုင်ငံရေး အနေအထား အပေါ်တွင် များစွာမူတည်နေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ အမ်န်ကောလ က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထားအပေါ် မူတည်တယ်လေ။ မြန်မာရဲ့ အနေအထားက တောင်အာရှနဲ့ ကျနော်တို့ အာဆီယံကြားမှာ (Land Bridge) ဖြစ်နေတာကို။ မြန်မာကို ဖြတ်ပြီးတော့မှပဲ အာဆီယံကို ကုန်သွယ်နိုင်မှာ။ အိန္ဒိယရဲ့ (Look and Act East) ပေါ်လစီပေါ့နော်။ အဲဒီ ပေါ်လစီအ ရဆိုရင် မြန်မာကို မဖြစ်မနေ သူတို့က ဆက်ဆံရမှာ။ ဒါကြောင့်လည်း ဒီထဲမှာ အခုပါလာတာ ကုန်သွယ်ရေး လမ်းကြောင်းက မြန်မာ၊ ထိုင်း၊ အိန္ဒိယ ကုန်သွယ်ရေးလမ်းကြောင်းကို အကောင်အထည် ဖော်ဖို့ဟာ ပြောလာတယ်။ ပြောလာတာ အခု ကုလားတန် ဘက်စုံစီမံကိန်းနဲ့ ကုလားတန်ဘက်စုံ စီမံကိန်းက တမူးကနေမှ မုံရွာကို၊ ကလေး မှ မုံရွာ၊ မုံရွာကနေ မန္တလေး၊ မန္တလေးကနေပြီးတော့မှ ရန်ကုန်၊ မော်လမြိုင်ကနေပြီးတော့မှ အာဆီယံလမ်းမထဲကို ၀င်တာကို။ အဲဒီဟာအတွက် စီစဉ်တာ။ စီစဉ်တာဆိုတဲ့အခါကြတော့ မြန်မာရဲ့ ပထဝီနိုင်ငံရေးအနေအထားကတော့ Land Bridge ဖြစ်နေတော့ အိန္ဒိယက မဖြစ်မနေ ကျနော်တို့နဲ့ဆက်ဆံရမယ်၊ ကျနော်တို့မြန်မာနိုင်ငံကို လိုအပ်နေတယ်။ နောက်တစ်ချက်က Bay of Bengal မှာပေါ့။ အဓိက,က Indian Ocean မှာ ဒီဘက်က Malacca Strait အပြင်ဘက်မှာဆိုရင် Andaman Sea(ကပ္ပလီပင်လယ်)နဲ့ ကျနော်တို့ Bay Of Bengal နှစ်ခုရှိတယ်လေ။ အဲဒီနှစ်ခုစလုံးကိုမှ ကမ်းရိုးတန်းဆက်စပ်တာ မြန်မာနိုင်ငံ တစ်နိုင်ငံပဲရှိတယ်။ ဒါ့အပြင် အိန္ဒိယ အပါအ၀င် Bay of Bengal နိုင်ငံ သုံးနိုင်ငံရှိတယ်။ အဲဒါက ဘာလဲဆိုတော့ အိန္ဒိယရယ် ဘင်္ဂလားဒေ့ရှ်ရယ် ကျနော်တို့မြန်မာရယ် အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ရဲ့ ဆက်ဆံရေးက ကောင်းတယ်။ အဲဒီတော့ မြန်မာက တရုတ်နဲ့ ပိုမိုနီးကပ်သွားမယ့်ဟာကို အိန္ဒိယကတော့ Counter Balance လုပ်ချင်မှာပေါ့နော် Counter Balance လုပ်ချင်တာ။ အဲဒီနေရာမှာလည်း မြန်မာက သူနဲ့ Bay Of Bengal သုံးနိုင်ငံဟာ သူတို့တစ်စုတစည်းတည်းဖြစ်ဖို့အတွက် Diplomacy အရရော Geopolitics အရရော အရေးပါတယ်။ သူတို့ရဲ့ ရှုမြင်ချက်ကတော့ မြန်မာက ကွဲထွက်လို့မရဘူး အဲဒီအတိုင်း သွားတာက သူက" ဟု ပြောသည်။

မြေရှားသတ္တုကို တွေ့ရစဉ်
အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကြားထဲတွင် ကုန်သွယ်မှုပိုင်းဆိုင်ရာတွင် အကျိုးအမြတ်ရနိုင်သည့် ကဏ္ဍများ ရှိနေသည့်အတွက် အိန္ဒိယသည် မြန်မာအတွက် အရေးကြီးသကဲ့သို့ မြန်မာနိုင်ငံသည်လည်း အိန္ဒိယအတွက် အရေးပါသည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သည်ဟု စစ်ရေးနှင့် နိုင်ငံရေးလေ့လာသူများက ထောက်ပြကြသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၉ ခု၊ အမေရိကန်ဒေါ်လာ ၇၈၂ ဒဿမ ၃၈၅ သန်းနှင့် (၁၁) နိုင်ငံမြောက် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောသည်။
ထို့အပြင် အိန္ဒိယနိုင်ငံသည် ကုလားတန်မြစ် ဘက်စုံစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း ကုန်သွယ်ရေး လမ်းကြောင်း ဖော်ဆောင်ရေး အကောင်အထည်ဖော်လျက်ရှိသည်။
နိုင်ငံရေးတည်ငြိမ်မှုရှိလာသည့် မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အိန္ဒိယနိုင်ငံအတွက် အခွင့်အလမ်းများစွာရှိလာမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဇွန်လ ၃ ရက်က အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဆွေးနွေးပွဲသို့ တက်ရောက်စဉ် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် မြန်မာသမ္မတကို တွေ့ရစဉ်
မြန်မာနိုင်ငံအတွက် အိမ်နီးချင်းနိုင်ငံများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးသကဲ့သို့ ကမ္ဘာ့နိုင်ငံများ အကြားတွင်လည်း ပြန်လည်ပါဝင်လာနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက "ကျနော်တို့ကတော့ ပြောရမယ်ဆိုရင် ဒီတစ်ကမ္ဘာလုံးမှာရှိတဲ့ ကမ္ဘာကြီးမှာရှိတဲ့ နိုင်ငံရေး၊ သံတမန်ရေး System တွေရှိတယ်။ အဲဒါကြီးတစ်ခုလုံးကိုမှ တင်းပြည့် ကျပ်ပြည့် ပြန်လည် ၀င်ရောက်နိုင်ဖို့လိုတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ဒီမှာ နီးစပ်တဲ့ ထိုင်း၊ အိန္ဒိယ၊ တရုတ် ကိုယ့်ရဲ့ မဟာဗျူဟာမြောက် မိတ်ဆွေတွေနဲ့ပဲ သွားနေတဲ့ဟာမျိုးပေါ့ဗျာ။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်ကတော့ စစ်မရောက်ခင်စပ်ကြား ဝါးပေါင်းစွတ်တဲ့ အနေအထားလို့ပဲ မြင်တယ်။ တကယ့် တကယ်တမ်း ကမ္ဘာ့အသိုင်းအဝိုင်းထဲကို တင်းပြည့်ကျပ်ပြည့် တကယ်ကို ကမ္ဘာ့မိသားစုအနေနဲ့ ပြန်လည် ရောက်ရှိဖို့လိုတယ်။ အဲဒီလိုမဟုတ်ရင်တော့ ဒါတွေဟာ အိန္ဒိယနဲ့ တရုတ်နဲ့၊ ထိုင်းနဲ့က မဖြစ်မနေပေါ့နော် ဟိုထဲကို မရောက်သေးလည်း ငါတို့ဒါတွေအဆင်ပြေရင် ရပါတယ်ကွာဆိုတဲ့ အနေအထားနဲ့ သွားရတာ ဖြစ်တာကို။ တရုတ်တို့၊ အိန္ဒိယတို့ကလည်း မြန်မာကို ကာပြီး လုပ်ပေးေနရတဲ့ ကိစ္စတွေက ပုံမှန်အတိုင်း ဖြစ်မနေဘူးပေါ့ဗျာ။ နံပါတ်တစ်ကတော့ ပုံမှန်အတိုင်း ပြန်ဖြစ်နေဖို့လိုတယ်။ ပုံမှန်အတိုင်းမဖြစ်ခင်ကတော့ ဒီ တိုင်းပြည်တွေနဲ့ ဆက်ဆံရေးက သိပ်အရေးကြီးတယ်။ ကျနော်တို့က ဒါပဲရှိတာကို ဒါနဲ့မှ အဆင်မပြေလို့မရဘူးလေ။ အဲဒီအတွက်ကြောင့်မို့လို့ ဒီလိုသွားတာကတော့ ကောင်းတယ်။ သို့ပေမယ့် အဲဒီထက် ပိုကောင်းအောင် ကမ္ဘာ့အသိုင်းအဝိုင်းထဲမှာ ကျနော်တို့နိုင်ငံအနေနဲ့ တင်းပြည့်ကျပ်ပြည့် ပြန်ဖြစ်ဖို့လိုအပ်တယ်ပေါ့။ အဲဒီအတွက်လည်း လုပ်ဆောင်ဖို့လိုအပ်တာတွေလည်း လုပ်ရမှာပေါ့" ဟုပြောသည်။
မြန်မာသမ္မတ ဦးမင်းအောင်လှိုင်သည် အိန္ဒိယဝန်ကြီးချုပ် မိုဒီ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်ထိ အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ ခရီးစဥ်သည် ဦးမင်းအောင်လှိုင်၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်စဥ်တွင် ပထမဆုံး ပြည်ပ ခရီးစဥ် ဖြစ်ကာ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံရေးကိစ္စရပ်များအပြင် အခြားသောကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
