CNI International News
တိုကျို၊ ဇွန်လ ၁၅
အရှေ့တီမောနိုင်ငံနှင့် သြစတြေးလျနိုင်ငံအကြား ကြီးမားသည့် သဘာဝဓာတ်ငွေ့ သိုလှောင်ကန်များကို တည်ဆောက်ရန် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးရန် နီးကပ်နေပြီဖြစ်ကြောင်း အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ် ဟော်တာ (Jose Ramos-Horta) က ပြောကြားခဲ့ကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။
ထိုစီမံကိန်းသည် ၂၀၂၅ ခုနှစ်တွင် နောက်ဆုံး ကျန်ရှိနေသော ဓာတ်ငွေ့ ထုတ်လုပ်ရေး၌ လုပ်ငန်းများ ရပ်ဆိုင်း သွားခဲ့သည့် အရှေ့တီမောနိုင်ငံအတွက် အားတက်စရာ တွန်းအားတစ်ခု ဖြစ်လာခဲ့သည်။
ယခုဖော်ဆောင်မည့် Greater Sunrise သဘာဝဓာတ်ငွေ့ စီမံကိန်းသည် တီမောပင်လယ် (Timor Sea) အတွင်း တည်ရှိပြီး အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး တန်ဖိုးရှိသည့် ကမ်းလွန်စီမံကိန်းကြီးတစ်ခု ဖြစ်သည်။
ထိုစီမံကိန်းသည် အရှေ့တီမောနိုင်ငံ၏ ကမ်းခြေမှ ရေမိုင် ၉၀ ခန့်နှင့် သြစတြေးလျနိုင်ငံ မြောက်ပိုင်း ဒါဝင် (Darwin) မြို့မှ ရေမိုင် ၂၈၀ ခန့်အကွာတွင် တည်ရှိသည်။
စီမံကိန်းတွင် သဘာဝဓာတ်ငွေ့ ကုဗပေ ၅ ဒသမ ၁ ထရီလျံခန့်နှင့် အရည်အသွေးမြင့် Condensate အဆီအနှစ် စည်ပေါင်း သန်း ၂၂၀ ကျော် ထွက်ရှိနိုင်မည်ဟု ခန့်မှန်းထားကြသည်။
သဘာဝဓာတ်ငွေ့များကို ပိုက်လိုင်း သွယ်တန်းပြီး အရည်အသွေး မြှင့်တင်ရန်နှင့် စက်ရုံတည်ဆောက်ရန် အချက်များနှင့်ပတ်သက်ပြီး နှစ်နိုင်ငံကြား ကာလရှည်ကြာ သဘောထားကွဲလွဲခဲ့ကြသည်။
အရှေ့တီမောအစိုးရက ၎င်းတို့နိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဓာတ်ငွေ့ပိုက်လိုင်းကို ၎င်းတို့ကမ်းခြေသို့သာ သွယ်တန်းလိုသည်။

သဘာဝဓာတ်ငွေ့ သင်္ဘောကို တွေ့ရစဉ်
သြစတြေးလျဘက်ကမူ နည်းပညာနှင့် ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကို အကြောင်းပြ၍ ပိုက်လိုင်းကို ဒါဝင်မြို့ရှိ လက်ရှိ လည်ပတ်နေသော စက်ရုံများဆီသို့သာ သွယ်တန်းရန် ကနဦးတွင် တွန်းအားပေးခဲ့သည်။
သို့သော်လည်း အရှေ့တီမောနိုင်ငံ၏ နောက်ဆုံးကျန်ရှိသည့် Bayu-Undan ဓာတ်ငွေ့တွင်းသည် ၂၀၂၅ ခုနှစ်တွင် လုံးဝ ခမ်းခြောက်သွားခဲ့သဖြင့် နိုင်ငံ့စီးပွားရေးအတွက် ယခုစီမံကိန်းသည် အရေးတကြီး လိုအပ်လာခဲ့သည်။
နိုင်ငံတော် ဘတ်ဂျက်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍအပေါ် မှီခိုနေရသော အရှေ့တီမောအတွက် ယခုသဘောတူညီချက်သည် နိုင်ငံ့စီးပွားရေး ပြိုလဲမည့်အန္တရာယ်မှ ကယ်တင်မည့် မျှော်လင့်ချက်ဖြစ်သည်။
လက်ရှိတွင် စီမံကိန်း၏ အဓိကရှယ်ယာရှင်ဖြစ်သော Woodside Energy ကုမ္ပဏီနှင့် နှစ်နိုင်ငံအစိုးရများကြား အကျိုးအမြတ် ခွဲဝေမှုနှင့် နည်းပညာပိုင်းဆိုင်ရာ သဘောတူညီချက် အပြီးသတ်နိုင်ရန် အနီးကပ် ဆွေးနွေးနေကြပြီ ဖြစ်သည်။
အကယ်၍ ယခု သဘောတူညီချက်ကို အောင်မြင်စွာ လက်မှတ် ရေးထိုးနိုင်ခဲ့ပါက အရှေ့တီမောနိုင်ငံ၏ စွမ်းအင် ကဏ္ဍသစ်ကို ပြန်လည် အသက်သွင်းနိုင်မည်ဖြစ်ပြီး ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆွဲဆောင်နိုင်မည် ဖြစ်သည်။
Source: Nikkei Asia
