CNI International News

နယူးဒေလီ၊ မတ်လ ၂၅

အိန္ဒိယရေတပ်သည် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလလယ်ပိုင်းကစပြီး Operation Sankalp အမည်ဖြင့် ပင်လယ် ရေကြောင်း လုံခြုံရေးနှင့် ပင်လယ်ဓားပြ တိုက်ဖျက်ရေး စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေကြောင်း Mantras TV မှ ဖော်ပြခဲ့သည်။

အိန္ဒိယရေတပ်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၄ ရက်က မော်လ်တာနိုင်ငံ အလံတင်သင်္ဘော MV Ruen ပြန်ပေးဆွဲ ခံရချိန်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို တက်ကြွစွာ ပါဝင်လုပ်ဆောင်ခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

 အိန္ဒိယရေတပ်က MV Ruen သင်္ဘောပေါ်ပါသူတွေကို ကယ်ထုတ်ခဲ့စဉ်

"ဒီနေ့ မတ်လ ၂၃ ရက်ဟာ Operation Sankalp စစ်ဆင်ရေးစတင်တဲ့ ရက် ၁၀၀ ပြည့် နေ့ရက်ဖြစ်ပါတယ်။ ရက်ပေါင်း ၁၀၀ အတွင်း အိန္ဒိယရေတပ်ဟာ ဖြစ်စဉ် ၁၈ ခုကို တုန့်ပြန် ဆောင်ရွက်ပေးခဲ့ပြီး အိန္ဒိယသမုဒ္ဒရာ ဒေသမှာ ပထမဆုံး တုန့်ပြန်ဆောင်ရွက်သူနဲ့ ယုံကြည်အားကိုးရတဲ့ လုံခြုံရေးမိတ်ဖက်တစ်ဦးအဖြစ် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်"ဟု တရားဝင် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခံထားရသည့် MV Ruen သင်္ဘောကို အပြီးသတ် ကယ်တင်နိုင်မှုက အိန္ဒိယရေတပ် ၏ ကြိုးပမ်းလုပ်ဆောင်မှုများကို မီးမောင်းထိုးပြသရာ ရောက်ခဲ့သည်ဟု ပြောသည်။

"ပြီးခဲ့တဲ့ ရက်ပေါင်း ၁၀၀ အတွင်း ရေတပ်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့ အထူးတပ်ဖွဲ့တွေဟာ ပင်လယ်ပြင်တွေ ကို ဘေးကင်းလုံခြုံစေဖို့ မမှိတ်မသုန် ကြိုပမ်းဆောင်ရွက်ခဲ့ပြီး ပင်လယ်ရေကြောင်း အဖွဲ့အစည်းကို ဒေသတွင်း ပုံမှန်မဟုတ်တဲ့ ခြိမ်းခြောက်မှုတွေရန်ကနေ ကာကွယ်ပေးခဲ့ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

 အိန္ဒိယရေတပ်က MV Ruen သင်္ဘောပေါ်ပါသူတွေကို ကယ်ထုတ်ခဲ့စဉ်

ဘက်ကမ်းလွန် ဒေသများတွင် ပင်လယ်ရေကြောင်းဆိုင်ရာ လုံခြုံရေး စစ်ဆင်ရေးများကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၂၃ ရက်မှစပြီး အိန္ဒိယ၏ ခက်ခဲသည့် အားထုတ်ကြိုးပမ်းမှုများထဲတွင် ပင်လယ်ပြင်၌ စစ်မှုထမ်း ၅၀၀၀ ကျော်၊ သင်္ဘော ၂၁ စင်း ဖြန့်ကြက်ချထားခဲ့ပြီး ပင်လယ်ရေကြောင်း ကင်းထောက်လေယာဉ်ဖြင့် ပျံသန်းချိန် နာရီ ၉၀၀ ရှိခဲ့သည် တရားဝင် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

"အိန္ဒိယ သင်္ဘောသား ၄၅ ယောက် အပါအဝင် လူပေါင်း ၁၁၀ ကျော်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့ပြီး ဓာတ်မြေ သြဇာ၊ ရေနံစိမ်းနဲ့ ကုန်စည်တွေ အပါအဝင် ကုန်တန်ချိန်ပေါင်း ၁၅၀ တန်ကျော်ကို အစောင့်အကြပ်အဖြစ် လိုက်ပါ စောင့်ကြပ်ပြီး ပို့ဆောင်ပေးခဲ့ကြောင်း” ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကတည်းက ဂုရုဂရမ် (Gurugram) မြို့ရှိ အိန္ဒိယရေတပ်၏ သတင်းအချက်အလက် စုဆောင်းရေးစင်တာ-အိန္ဒိယသမုဒ္ဒရာဒေသ (IFC-IOR) သည် အိန္ဒိယသမုဒ္ဒရာဒေသတွင် သတင်းအချက် ဖလှယ်မှုများ၌ အဓိကနေရာမှ ပါဝင်ခဲ့သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့သည်။

Source: Mantras TV