CNI International News

နယူးဒေလီ၊ မတ်လ ၂၁

အိန္ဒိယသမုဒ္ဒရာဒေသတွင် ပင်လယ်ဓားပြမှုနှင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရန်၊ လွတ်လပ်စွာ ရေကြောင်း သွားလာခွင့်ကို ဘေးကင်းစေရန် လုပ်ဆောင်မည့် အိန္ဒိယ၏ ကတိကဝတ်များကို ဝန်ကြီးချုပ် မိုဒီ ( Narendra Modi ) က ထပ်လောင်း အတည်ပြုခဲ့သည်ဟု NDTV မှ ဖော်ပြခဲ့သည်။

ပင်လယ်ဓားပြများ၏ ပြန်ပေးဆွဲခံခဲ့ရသည့် ဘူလ်ဂေးရီးယားနိုင်ငံသား ၇ ဦးကို ကယ်တင်ပြီး နေရပ်သို့ ပြန်လည် ပို့ဆောင်ပေးမည့် အစီအစဉ်အတွက် ဘူလ်ဂေးရီးယားသမ္မတ ရူမန် ရာဒက်ဗ် (Rumen Radev) ထံမှ မက်ဆေ့ချ်ကို တုန့်ပြန်သည့်အနေဖြင့် မိုဒီ၏ မှတ်ချက်စကားများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဘူဂေးရီးယားသမ္မတ ရာဒက်ဗ်က ပင်လယ်ဓားပြများ ပြန်ပေးဆွဲခဲ့သည့် MV Ruen သင်္ဘောကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သော အိန္ဒိယရေတပ်ကို မတ်လ ၁၈ ရက်က ကျေးဇူးတင်စကား ပြောကြားခဲ့ခြင်းဖြစ်သည်။

မိုဒီက ရာဒက်ဗ်၏ ကျေးဇူးတင်စကားကို အသိအမှတ်ပြုကြောင်း ဖော်ပြခဲ့ပြီး အိန္ဒိယသည် ဘူလ်ဂေးရီးယားနိုင်ငံ သားများကို ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့သည်။

MV Ruen သင်္ဘောကို တွေ့ရစဉ်

"ဘူလ်ဂေးရီးယားသမ္မတရဲ့ ကျေးဇူးတင်စကားကို အသိအမှတ်ပြုပါတယ်။ ကျနော်တို့ဟာ ဘူလ်ဂေးရီးယား နိုင်ငံသား ၇ ဦးကို မကြာခင်မှာ ဘေးကင်းစွာနဲ့ ပြန်လည်ပို့ဆောင်သွားမှာပါ" ဟု မိုဒီက ပြောကြားခဲ့သည်။

အိန္ဒိယသမုဒ္ဒရာအတွင်း ပင်လယ်ဓားပြမှုနှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ပြီး လွတ်လပ်စွာ ရေကြောင်း သွားလာ ခွင့်ကို ကာကွယ်ရေးအတွက် အိန္ဒိယက ကတိကဝတ်ပြု လုပ်ဆောင်နေကြောင်း မိုဒီက X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

ဘူလ်ဂေးရီးယားနိုင်ငံသား ၇ ဦး၊ မြန်မာနိုင်ငံသား ၉ ဦး၊ အန်ဂိုလာနိုင်ငံသား ၁ ဦးတို့ လိုက်ပါခဲ့သည့် MV Ruen သင်္ဘောကို ပြီးခဲ့သည့်နှစ်က အာရေဗျပင်လယ်အတွင်း ပင်လယ်ဓားပြများက ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။

ထိုကဲ့သို့ ပင်လယ်ဓားပြများ ဖမ်းဆီးထားသည့် ဘူလ်ဂေးရီးယားသင်္ဘော Ruen နှင့် ဘူလ်ဂေးရီးယား နိုင်ငံသား ၇ ဦး အပါအဝင် သင်္ဘောအမှုထမ်းများကို ရဲဝံ့စွာ ကယ်တင်နိုင်ခဲ့သည့် အိန္ဒိယရေတပ်၏ လုပ်ဆောင်မှုအတွက် ဝန်ကြီးချုပ် မိုဒီကို အလေးအနက် ကျေးဇူးတင်ကြောင်း ရာဒက်ဗ်က ပြောကြားခဲ့သည်။

ထို့ပြင် ဘူလ်ဂေးရီးယား နိုင်ငံခြားရေးဝန်ကြီး မာရီယာ ဂေဘီယယ် (Mariya Gabriel) ကလည်း သူသည် ဘူလ်ဂေးရီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် ဆန်ဂျေး ရာနာ (Sanjay Rana) နှင့် တွေ့ဆုံခဲ့ပြီး  MV Ruen သင်္ဘောနှင့် ထိုသင်္ဘောပေါ်မှ အမှုထမ်းများကို ကယ်တင်ပေးခဲ့သည့် အိန္ဒိယရေတပ်၏ စစ်ဆင်ရေးကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

Source: NDTV