CNI International News

ဝါရှင်တန်၊ မတ်လ ၂၁

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump)က ၂၀၂၀ ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့် ရလဒ်များ ကို ပြောင်းပြန်လှန်ရန် ကြိုးပမ်းမှုအတွက် ပြစ်မှုဆိုင်ရာ ကင်းလွတ်ခွင့် တောင်းခံသည့် အားထုတ်ကြိုးပမ်းမှု တစ်ခုအဖြစ် သမ္မတဟောင်းများကို ပြစ်မှုဆိုင်ရာ ကင်းလွတ်ခွင့် အလုံးစုံ ပြဋ္ဌာန်းပေးရန် တရားရုံးချုပ်အား မတ်လ ၁၉ ရက်က တိုက်တွန်းခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအမှုနှင့်ပတ်သက်ပြီး ဧပြီ ၂၅ ရက်တွင် တရားသူကြီးများ ရှေ့မှောက်တွင် အချေအတင် ဆွေးနွေးရမည်ဖြစ် သည်။ 

ဝတ်လုံတော်ရ အထူးရှေ့နေတစ်ဦးဖြစ်သည့် ဂျက်ခ် စမစ် (Jack Smith) က ထရမ့်သည် သမ္မတတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း ၎င်း၏ လုပ်ရပ်များနှင့်ပတ်သက်ပြီး ထရမ့်ကို ပြစ်မှုဆိုင်ရာ အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

စမစ်ကို အမေရိကန်အစိုးရရှေ့နေချုပ် မာရစ် ဂါလန်း (Merrick Garland) က ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။ 

၂၀၂၃ ခုနှစ်၊ သြဂုတ်လက စမစ်သည် ထရမ့်ကို ရွေးကောက်ပွဲဆိုင်ရာ ချိုးဖောက်မှုများနှင့်ပတ်သက်ပြီး ဖက်ဒရယ် ပြစ်မှုဆိုင်ရာ စွဲချက် ၄ ခုတင်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလတွင် သမ္မတဆိုင်ရာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆန့်ကျင် သည့်  လျှောက်လဲချက်ကို တင်ခဲ့သည်။

 အမေရိကန်အစိုးရရှေ့နေချုပ် မာရစ် ဂါလန်းကို တွေ့ရစဉ်

ထရမ့်က ထိုအမှုနှင့်ပတ်သက်ပြီး ကင်းလွတ်ခွင့်ရရှိရန် လျှောက်လဲခဲ့သော်လည်း အောက်တရားရုံးက ပယ်ချခဲ့ သည်။ ထို့နောက် ထရမ့်က အောက်တရားရုံး၏ ဆုံးဖြတ်ချက်ကို ထပ်မံ အယူခံဝင်ခဲ့သည်။

ထရမ့်သည် ယခုနှစ် ရွေးကောက်ပွဲတွင် သမ္မတနေရာကို ပြန်လည်ရရှိရန် ကြိုးပမ်းနေချိန်တွင် မဲဆွယ်စည်းရုံးပွဲ များ၌ ပြစ်မှုဆိုင်ရာ ကင်းလွတ်ခွင့်နှင့်ပတ်သက်သည့် မှတ်ချက်များကို ပြောကြားခဲ့ပြီး ထရမ့်၏ ရှေ့နေများက လည်း အလားတူ မှတ်ချက်များကို ထပ်တလဲလဲ ပြောကြားခဲ့သည်။

"သမ္မတဟာ လုပ်ငန်းတာဝန် ထမ်းဆောင်နိုင်ခြင်းမရှိတော့ပါဘူး။ သမ္မတတစ်ဦးဟာ သူတာဝန် ထမ်းဆောင်ချိန် အတွင်း ပြစ်မှုဆိုင်ရာ စွဲချက်နဲ့ ရင်ဆိုင်နေရမယ်ဆိုရင် သမ္မတရုံးက ထွက်ခွာသွားတဲ့အချိန်မှာ သမ္မတဖြစ်မှုဆိုတဲ့ စကားလုံးကလည်း တရားမဝင်နိုင်ပါဘူး" ဟု ထရမ့်၏ လျှောက်လဲချက်တွင် ဖော်ပြထားသည်။

ပြစ်မှုဆိုင်ရာ တရားစီရင်မှုနှင့် ရင်ဆိုင်ရမည့် ပထမဆုံး သမ္မတဟောင်းတစ်ဦးဖြစ်သည့် ထရမ့်သည် ရီပတ်ဘလစ် ကန် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲ၌  ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ဘိုင်ဒန်သည် ထရမ့်ကို အနိုင်ရရှိခဲ့သည်။

Source: ရိုက်တာ