CNI International News
ဝါရှင်တန်၊ ဇွန်လ ၁၁
ပြင်သစ်နိုင်ငံ၌ ကျင်းပမည့် စက်မှုထိပ်သီး ခုနစ်နိုင်ငံ (G7) ထိပ်သီး အစည်းအဝေးတွင် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် သီးသန့် ဆွေးနွေးပွဲ ပြုလုပ်ဖွယ်ရှိကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
မိုဒီနှင့် ထရမ့်တို့သည် သီးသန့်တွေ့ဆုံပြီး ကုန်သွယ်ရေး၊ ဗီဇာနှင့် စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားရန် စီစဉ်ထားကြောင်း အိန္ဒိယအစိုးရ၏ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံ အီဗီယန်-လက်စ်-ဘိန်းစ် (Evian-les-Bains) မြို့တွင် ဇွန်လ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည့် G7 ထိပ်သီး အစည်းအဝေးသို့ သမ္မတထရမ့် အပါအဝင် ကမ္ဘာ့အဓိက စီးပွားရေး အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များနှင့်အတူ အိန္ဒိယနိုင်ငံကဲ့သို့သော ဖိတ်ကြားထားသည့် အခြားနိုင်ငံများမှ အဆင့်မြင့် ကိုယ်စား လှယ် အဖွဲ့များလည်း တက်ရောက်ကြမည် ဖြစ်သည်။
ဝန်ကြီးချုပ် မိုဒီသည် ဇွန်လ ၁၃ ရက်နေ့မှ စတင်ပြီး ပြင်သစ်နိုင်ငံသို့ သွားရောက်မည့် ၅ ရက်ကြာ ခရီးစဉ်ကို စတင်မည်ဖြစ်ပြီး G7 အစည်းအဝေးသို့ တက်ရောက်ပြီးနောက် ဆလိုဗက်ကီးယားနိုင်ငံသို့ ဆက်လက် ထွက်ခွာ မည် ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
“ဝန်ကြီးချုပ်အနေနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုတွေ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေအပြင် H-1B ဗီဇာကိစ္စရပ်ကိုပါ ထည့်သွင်း ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်”ဟု ထိုကိစ္စရပ်ကို တိုက်ရိုက်သိရှိသည့် သတင်းရင်းမြစ်က ပြောကြားခဲ့သည်။
ခေါင်းဆောင်နှစ်ဦးအကြား တွေ့ဆုံမှုသည် အိန္ဒိယနှင့် အမေရိကန်ကြား ဆက်ဆံရေး ထိလွယ်ရှလွယ် ဖြစ်နေသည့် အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။
အိန္ဒိယကုန်စည်များအပေါ် အမေရိကန်က အခွန်များ တိုးမြှင့်ခြင်းနှင့် ပြီးခဲ့သည့်နှစ်က အိန္ဒိယနှင့် ပါကစ္စတန်တို့ အကြား ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို အဆုံးသတ်ရန် ကြားဝင်စေ့စပ်ပေးခဲ့သည်ဆိုသော ထရမ့်၏ ပြောကြားချက် များကို အိန္ဒိယက ငြင်းဆိုခဲ့ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတွင် တင်းမာမှုများ ရှိခဲ့သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်
သို့သော် ပြီးခဲ့သည့်လက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို (Marco Rubio) ၏ အိန္ဒိယခရီးစဉ် အပါအဝင် မကြာသေးမီက ပြုလုပ်ခဲ့သည့် အဆင့်မြင့် တွေ့ဆုံဆွေးနွေးမှုများကြောင့် တင်းမာမှုအချို့ကို လျှော့ချ နိုင်ခဲ့ပြီး နှစ်ဖက်စလုံးက ကုန်သွယ်ရေး၊ ဗီဇာကိစ္စ၊ ရေကြောင်းလုံခြုံရေး၊ စွမ်းအင်ထောက်ပံ့မှုနှင့် အရှေ့အလယ် ပိုင်းအရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
အိန္ဒိယနှင့် အမေရိကန်ကြား ကုန်သွယ်ရေး ဆွေးနွေးမှုများသည် ဇူလိုင်လလယ်တွင် အပြီးသတ်နိုင်မည့် သဘော တူညီချက်၏ ပထမအဆင့်သို့ ဦးတည်နေပြီဖြစ်ကြောင်း အိန္ဒိယ ကုန်သွယ်ရေးဝန်ကြီး ပီယုရှ် ဂိုရယ် (Piyush Goyal) က ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားခဲ့သည်။
Source: ရိုက်တာ
