CNI International News

ယူနိုက်တက်နေးရှင်း၊ ဒီဇင်ဘာ ၁၀

ဟေတီနိုင်ငံ မြို့ တော်၏ ၆၀ ရာခိုင်နှုန်းနီးပါးကို ရာဇဝတ်ဂိုဏ်းများမှ ထိန်းချုပ်ထားကြောင်း ကုလသမဂ္ဂ လူသားခြင်း စာနာမှုဆိုင်ရာ အကြီးအကဲ က ပြောသည်ဟု AP သတင်းတွင်ဖော်ပြသည်။

အဆိုပါ ဂိုဏ်များ၏ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများကြောင့် ဒေသခံထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေရသည်ဟုလည်း ၎င်းက ပြောသည်။

ဟေတီနိုင်ငံတစ်လွှားတွင် ဝမ်းရောဂါဖြစ်ပွားမှုလည်းရှိနေခြင်းကြောင့် လူပေါင်း ၂၀၀၀၀(နှစ်သောင်း)နီးပါးသည် အငတ်ဘေးကဲ့သို့သော ကပ်ရောဂါမျိုးဖြင့် ရင်ဆိုင်နေရသည်ဟု လူသားခြင်းစာနာမှုဆိုင်ရာ အကြီးအကဲ အယ်လ်ရီကာ ရစ်ချက်ဆန်က ပြောသည်။ လက်ရှိအချိန်တွင် နိုင်ငံတွင်းဝမ်းရောဂါကြောင့်သေဆုံးသူအရေ အတွက်မှာ ၂၈၃ ဦး အထိရှိလာပြီဖြစ်ပြီး နိုင်ငံ့လူဦးရေ၏တစ်ဝက်မှာ အစားအစာထောက်ပံ့မှု အရေးပေါ် လိုအပ် နေပြီဖြစ်သည်။

ဟေတီနိုင်ငံ၊ ပေါ်အော်ပရင့်စ်တွင် လက်နက်ကိုင်အဖွဲ့များကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုကြောင့် စိုက်ဆိုလိုင် ဆင်းရဲသားရပ်ကွက် နေအိမ်များမှ ထွက်ခွာခဲ့ရပြီးနောက် ကလေးငယ်များသည် စာသင်ကျောင်း၏ ကြမ်းပြင် ပေါ်တွင် အိပ်စက်ခဲ့ရစဉ်(ဓါတ်ပုံ-အေပီ)

အောက်တိုဘာ ၂ ရက်နေ့မှ စတင်ခဲ့သော ဝမ်းရောဂါကြောင့် လူပေါင်း ၁၂၀၀၀(တစ်သောင်းနှစ်ထောင်)ခန့် ဆေးရုံတင်ခဲ့ရပြီးဖြစ်ကာ နိုင်ငံတွင်းရှိ ဒေသ ၁၀ ခုမှ ၈ ခုတွင် ဝမ်းရောဂါဟု သံသယဖြစ်ရသော အခြေအနေပေါင်း ၁၄၀၀၀(တစ်သောင်းလေးထောင်)ကျော် ရှိနေပြီဟုလည်း သူမက ပြောသည်။ အငတ်ဘေးကြုံတွေ့နေရသည့် ဟေတီနိုင်ငံသား ၂၀၀၀၀(နှစ်သောင်း)တွင် ၁၀၀၀(တစ်ထောင်)မှာ မြို့တော် ပေါ်အော်ပရင့်စ် (Port-au-Prince) မှ ဖြစ်ပြီး အများစုမှာ ရာဇဝတ်ဂိုဏ်းများထိန်းချုပ်ထားရာ စိုက်ဆိုလိုင် (Cite Soleil) ဆင်းရဲသားရပ်ကွက်မှ ဖြစ်သည်။ မလုံခြုံမှုက အစုလိုက်အပြုံလိုက်ရွေ့ပြောင်းမှုကိုဖြစ်စေပြီး အထူးသဖြင့် မြို့တော်မှ လူဦးရေ ၁၅၅၀၀၀(တစ်သိန်းငါးသောင်းငါးထောင်)မှာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီ ဖြစ်သည်။

ရာဇဝတ်ဂိုဏ်များသည် အကြောက်တရားနှင့် အပြစ်ပေးမှုများဖြင့် လွှမ်းခြုံထားကာ ဒေသခံများကို ထိန်းချုပ် ထားနိုင်ရန်အတွက် လိင်အကြမ်းဖက်မှုများကို လက်နက်သဖွယ် ပြင်းပြင်းထန်ထန်အသုံးပြုနေသည်ဟု ရစ်ချက်ဆန်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောခဲ့သည်။ ဂိုဏ်းအဖွဲ့များအကြားနယ်မြေလုမှုနှင့် ယင်းတို့၏ ရာဇဝတ်မှုများက လူ့အဖွဲ့အစည်းကို ပြိုကွဲစေကာ မလုံခြုံမှုများကို မြင့်တက်လာစေသည်။

ပေါ်အော်ပရင့်စ်မြို့ ဘူတဲဘိုရာ ရပ်ကွက်တွင် လက်နက်ကိုင်အုပ်စုများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှု အတွင်း အမျိုးသားတစ်ဦးမှ ၎င်း၏နေအိမ်ကို မီးရှို့ခံခဲ့ရပုံကို သတင်းထောက်များအား ပြသနေစဉ်(ဓါတ်ပုံ- အေပီ)

ပြီးခဲ့သည့်နှစ်တွင်ဖြစ်ပွားခဲ့သည့် သမ္မတ ဂျိုဗွီနယ်မွိုက် (Jovenal Moise) လုပ်ကြံခံရပြီးချိန်ကတည်းက ဟေတီ နိုင်ငံတွင် နိုင်ငံရေးဆိုင်ရာ မတည်ငြိမ်မှုများရှိလာခဲ့သည်။

မွိုက်သည် အကျင့်ပျက်ခြစားမှု စွပ်စွဲချက်များကြောင့် ရာထူးမှ နုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုခံခဲ့ရသူလည်း ဖြစ်သည်။ ဟေတီပြည်သူများ၏ နေ့စဉ်ဘဝသည် စက်တင်ဘာလ လောင်စာစီထောက်ပံ့မှုကို ရပ်ဆိုင်းမည်ဟု ဝန်ကြီးချုပ်က ကြေညာခဲ့ပြီးနောက် ထိန်းချုပ်မှုကင်းမဲ့သွားခဲ့သည်။ ကြေညာချက်ကြောင့် လောင်စာဆီဈေးနှုန်း နှစ်ဆမြင့်တက်လာခဲ့သည်။

ထို့အပြင် ရဲအရာရှိဟောင်းတစ်ဦး ဦးဆောင်သည့် ဂိုဏ်းတစ်ခုက ဗားရက်ဇ် (Varreux) လောင်စာဆီဂိတ်ကို ပိတ်ဆို့လိုက်ပြီးနောက်မှာ နိုင်ငံတွင်း လောင်စာဆီရှားပါးမှု ပေါ်ပေါက်လာခဲ့သည်။

Source:AP