CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀

အဂတိလိုက်စားမှုသည် အကျင့်ပျက် ခြစားမှုများနှင့် လူများ၏စိတ်ဓာတ်နှင့် စာရိတ္တများပျက်စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်၍ ထိထိရောက်ရောက် အရေးယူရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့က ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မိမိတို့အနေဖြင့် နိုင်ငံတော်၏ တာဝန်များကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ တာဝန် ယူ ထမ်းဆောင်နေစဉ် ကာလအတွင်း ချမှတ်ထားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အ ညီ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အလေး ထားကြိုးပမ်း ဆောင်ရွက်နေကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံမှ ထိခိုက်စေနိုင် သည့် အဂတိလိုက်စားမှုများ လျော့နည်းကျဆင်း သွားစေရေးသည် အလွန်အရေးကြီးကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်က ကျင်းပသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခမ်းအနားမှာ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်

နစကဥက္ကဋ္ဌက “ အဂတိလိုက်စားမှုသည် အကျင့်ပျက်ခြစားမှုများနှင့် လူများ၏ စိတ်ဓာတ်နှင့် စာရိတ္တများ ပျက် စီးစေပြီး နိုင်ငံအတွက် အန္တရာယ်ဖြစ်သဖြင့် နိုင်ငံတော်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် ပြဋ္ဌာန်းထားပြီး ထိရောက်သည့် ဟန့်တားဆောင်ရွက်မှုများနှင့် အရေးယူ ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ရှိနေပါကြောင်း၊ ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ပုံစံအမျိုးမျိုးဖြင့် ပေါ် ပေါက်လာသည့် အဂတိလိုက်စားမှုများကို တားဆီးကာကွယ် အရေးယူနိုင်ရန်အတွက် အဆိုပါဥပဒေကို စတုတ္တ အကြိမ်အထိ ပြင်ဆင်ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကိုလည်း အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်”ဟု ပြောသည်။

နစကသည် ၎င်းတို့ တာဝန်ယူဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် အဖြစ် ခန့်အပ် တာဝန်ပေးခဲ့သည့် ဦးလှစိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးအောင်သန်းဦးနှင့် ရန်ကုန်တိုင်းအစိုးရ အဖွဲ့ အတွင်းရေးမှူး(ဟောင်း) ဦးစိုးစိုးဇော်တို့ကို အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုကာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးခဲ့ပြီး ၂၀၁၂ ခုနှစ်၌ ၁၆၅ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ်မှစပြီး နှစ်စဉ် ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးနေ့ အခမ်းအနားများကို ကျင်းပခဲ့သည်။