CNI News

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၃၀

နစကသည် နိုင်ငံရေးအစိုးရ မဟုတ်ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီ ၂၉ ရက် တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

မိမိတို့ အစိုးရမှာ နိုင်ငံရေးကင်းရှင်းသည့် အစိုးရဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အများစုဖြင့် ဖွဲ့စည်းထားသော အစိုးရဖြစ် ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ နိုင်ငံ့ဝန်ထမ်းများကိုသာ အဆင့်အလိုက် တာဝန်ပေးထားကြောင်း ၎င်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “နိုင်ငံ့ဝန်ထမ်းများသည် ပါတီနိုင်ငံရေး ကင်းရှင်းစွာဖြင့် ဆောင်ရွက်ရမည် ဖြစ်ပြီး လူပုဂ္ဂိုလ်အတွက် ဆောင်ရွက်ခြင်း မဟုတ်ဘဲ နိုင်ငံအကျိုးအတွက် တာဝန်ထမ်းဆောင်ခြင်း ဖြစ်စေလို ကြောင်း၊ ထို့ကြောင့် တာဝန်ထမ်းဆောင်ရာတွင် အုပ်ချုပ်မှု အားနည်းဖြစ်စဉ်များ၊ လုံခြုံရေး အားနည်းဖြစ်စဉ်များ ဖြစ်ပေါ်မှု မရှိစေရေး သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီသာ ဆောင်ရွက်ကြ ရန်လိုကြောင်း၊ မိမိတို့ အစိုးရသည် နိုင်ငံရေးကင်းရှင်းသည့် အစိုးရဖြစ်ပြီး နိုင်ငံရေးအစိုးရ မဟုတ်ကြောင်း၊ နိုင်ငံ့ ဝန်ထမ်း အများစုဖြင့် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း နိုင်ငံ့ဝန်ထမ်း များကိုသာ အဆင့်အလိုက် တာဝန်ပေးအပ်ထားခြင်း ဖြစ်သည်”ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က တပ်မတော်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်းအငြင်းပွားမှုကို မဖြေရှင်းပေးဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟု ဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် အခြေအနေ ကြေညာကာ တာဝန်ယူလျက်ရှိနေသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ကို တွေ့ရစဉ်

နစကအနေဖြင့် မည်သည့် နိုင်ငံရေးပါတီကိုမှ ကိုယ်စားမပြုသော်လည်း နိုင်ငံရေး လုပ်ဆောင်နေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါတော့ သူက တစ်စိတ်တစ်ပိုင်း ဝန်ခံလိုက်တာပေါ့ဗျာ၊ ပြောချင်တဲ့ အဓိပ္ပာယ်က စစ်ကောင်စီဟာ ဘယ်နိုင်ငံရေးပါတီမှ ကိုယ်စားမပြုဘူး။ ဒါပေမဲ့ နိုင်ငံရေးကတော့ လုပ်နေတာပဲ၊ လုပ်နေတဲ့ နိုင်ငံရေးက စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ဖက်တွယ်ပြီးတော့ ဒီနေ့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က နိုင်ငံရေးအစိုးရ မဟုတ်ပေမယ့် သူတို့လည်း နိုင်ငံရေး အလုပ်တွေတော့ လုပ်နေ ကြတာပဲ၊ အခုကို ရွေးကောက်ပွဲကျင်းပဖို့၊ လူဦးရေစာရင်း ကောက်ဖို့ဆိုတာလည်း သူတို့ လုပ်နေတာပဲ၊ နိုင်ငံရေး ပါတီ တစ်ရပ်အဖြစ် နာမည်မခံတာကတော့ ရွေးကောက်ပွဲနဲ့ လူထုထောက်ခံမှုနဲ့ တက်လာတဲ့ အစိုးရမဟုတ်ဘဲနဲ့ အာဏာသိမ်းအစိုးရအဖြစ် တက်လာတဲ့ စစ်ကောင်စီ ဖြစ်တယ်ဆိုတာကို တစ်စိတ်တစ်ပိုင်းက သူဝန်ခံတဲ့ သဘော ပါ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတော်ကို အရေးပေါ်ကြေညာကာ မြန်မာ့တပ်မတော်က အာဏာရ ယူခဲ့သည်မှာ လာမည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ၃ နှစ်ပြည့်မည် ဖြစ်သည်။

နစကမှာ နိုင်ငံရေးအစိုးရ မဟုတ်ဟု ပြောဆိုမှုမှာ လုံလောက်မှု မရှိကြောင်း၊ နိုင်ငံရေးသမားများပါဝင်သော အစိုးရ တစ်ရပ် ဖော်ဆောင်သင့်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသက်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

တိုင်းဒေသကြီးနဲ့ပြည်နယ်၀န်ကြီးချုပ်များကို တွေ့ရစဉ်

၎င်းက “သူကတော့ ဟုတ်တယ်လေ၊ သူက နိုင်ငံရေးပါတီမှ မဟုတ်ဘဲနဲ့ နိုင်ငံရေးအစိုးရတော့ မဟုတ်ဘူးပေါ့၊ နိုင်ငံရေး အစိုးရဆိုတာတော့ နိုင်ငံရေးပါတီ ရွေးချယ်ခံအစိုးရဖြစ်လာမှ ဒါရှင်းရှင်းပြောရရင်တော့ အပြည်ပြည် ဆိုင်ရာမှာရော နိုင်ငံတကာမှာရော တကယ်ကို တင်းပြည့်ကျပ်ပြည့် ပြောနိုင်ဆိုနိုင်တဲ့ အစိုးရတစ်ရပ်ဖြစ်လာမှာ လေ၊ ခုဟာက တင်းပြည့်ကျပ်ပြည့် အစိုးရတော့ မဖြစ်သေးဘူးလို့ ဆရာတို့ ဒီလိုပဲ မှတ်ချက်ပြုပါတယ်။ ဘာလို့လဲ ဆိုတော့ ရွေးချယ်ခံပုဂ္ဂိုလ်တွေနဲ့ လုပ်မှသာလျှင် နိုင်ငံတကာကလည်း လက်ခံလာလိမ့်မယ်လို့ ယူဆတယ်၊ ဒါမှ နိုင်ငံတကာရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာမယ်၊ အပြည်ပြည်ဆိုင်ရာက အကူအညီ အထောက်အပံ့တွေ ဝင်လာမယ်၊ ခုချမှတ်ထားတဲ့ resolutions တွေ၊ sanctions တွေကိုလည်း ပယ်ဖျက်နိုင်အောင် ကြိုးစားရမယ်၊ စီးပွားရေး လုပ်ငန်းလုပ်တဲ့အခါမှာလည်း ဒီပိတ်ဆို့မှုတွေကြောင့် အများကြီး နှောင့်နှေးကြန့်ကြာပြီးတော့ ဆုံးရှုံးမှု ဖြစ်နေတာ ကလည်း အများကြီးပါ။ ဒါကြောင့်မို့လို့ နိုင်ငံရေးအစိုးရ မဟုတ်ဘူးဆိုတဲ့ တစ်ခုတည်းကြောင့်တော့ ပြောရင်တော့ နည်းနည်းတော့ မလုံလောက်ဘူးပေါ့နော်၊ တကယ်နိုင်ငံရေးသမားတွေ ပါဝင်တဲ့အစိုးရ တစ်ရပ်ကိုတော့ ဖော်ဆောင်ပေးသင့်တယ်လို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့က ကျင်းပသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရ ၆ လသက်တမ်း ဒုတိယအကြိမ် တိုးခဲ့ရာ လာမည့် ဇန်နဝါရီ ၃၁ ရက်နေ့၌ သက်တမ်းကုန်ဆုံးတော့မည် ဖြစ်သည်။