CNI International News

တီဟီရန်၊ ဇန်နဝါရီ ၃၀

အီရန်တွင် အစ္စရေး၏ ထောက်လှမ်းရေး လုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိသည့် အမျိုးသား ၄ ဦးကို သေဒဏ်စီရင် ကွပ်မျက်ခဲ့သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

အီရန်၏ တရားရုံးချုပ်က တရားခံများ၏ အယူခံဝင်မှုကို ပယ်ချခဲ့ပြီးနောက် ထိုတရားခံ ၄ ဦးကို ဇန်နဝါရီ ၂၉ ရက် တွင် သေဒဏ်စီရင်ခဲ့ခြင်းဖြစ်သည်ဟု အီရန်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ 

ကွပ်မျက်ခံရသူ ၄ ဦးသည် အစ္စရေး၏ မော့ဆက် (Mossad) ထောက်လှမ်းရေးအေဂျင်စီ၏ ညွှန်ကြားချက်ဖြင့် ဗုံးဖောက်ခွဲ တိုက်ခိုက်ရန် စီစဉ်နေကြောင်း စွပ်စွဲခံခဲ့သူများဖြစ်သည်။

ထိုအမျိုးသားများသည် အီရတ်၏ မြောက်ဘက် ကာ့ဒ်ဒေသမှ အီရန်နိုင်ငံ၏ ကာကွယ်ရေးနှင့်် လက်နက်ကိုင် တပ်ဖွဲ့များ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနအတွက် စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် အစ္စဖာဟန် (Isfahan) မြို့ရှိ စက်ရုံတစ်ရုံကို တိုက်ခိုက်ရန်  နိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် စီရင်ချက် ချခံခဲ့ရ သည်။

ထိုအမျိုးသားများသည် ၂၀၂၂ ခုနှစ် နွေရာသီက စစ်ဆင်ရေးကို ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းတို့၏ အကြံအစည်းကို အီရန်ထောက်လှမ်းရေးအဖွဲ့က ဖော်ထုတ်သိရှိပြီး တားဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

အီရန်ခေါင်းဆောင်ကိုတွေ့ရစဉ်

"အစ္စရေး သူလျှို အဖွဲ့အစည်းနဲ့ ဆက်နွှယ်မှုရှိတဲ့ အဖွဲ့ထဲက လူ ၄ ဦးကို ချမှတ်ထားတဲ့ သေဒဏ်ကို ဒီနေ့မနက်မှာ စီရင်ခဲ့ပါတယ်" ဟု အီရန် တရားရေးဌာန၏ ဝက်ဘ်ဆိုက်ဖြစ်သည့် Mizan Online တွင် ဖော်ပြထားသည်။

အီရန်နှင့် အစ္စရေးသည် ကာလကြာရှည် ရန်ဘက်များဖြစ်ပြီး လက်ရှိတွင် အီရန်၏ နျူကလီးယား စီမံကိန်းကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ ထိပ်တိုက်တွေ့သည့် အနေအထားတွင် ရှိနေသည်။

အစ္စရေးကမူ ၎င်းတို့နှင့် တိုက်ခိုက်နေသည့် ဟားမာ့စ်နှင့် ဟစ်ဇ်ဘိုလာအဖွဲ့များကို အီရန်က ထောက်ပံ့ပေးနေ ကြောင်း စွပ်စွဲထားသည်။  

အီရန်ကလည်း အစ္စရေးသည် အီရန်အရာရှိများ၊ သိပ္ပံပညာရှင်များကို သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အစ္စရေးကမူ အီရန်၏ စွပ်စွဲချက်များကို ငြင်းပယ်ခြင်း၊ အတည်ပြုခြင်း မရှိခဲ့ပေ။

Source: အယ်လ်ဂျာဇီးယား