CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၀

နိုင်ငံရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး နိုင်ငံရေးလမ်းစပွင့်လာဖို့ ရွေးကောက်ပွဲ ကျင်းပပေးရုံမျှဖြင့် မလုံလောက်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

ရွေးကောက်ပွဲ ကျင်းပပေးပြီး အနိုင်ရသည့်ပါတီကို အာဏာလွှဲပေးမည်ဆိုရုံမျှ မလုံလောက်ကြောင်း၊ သိသာမြင် သာသည့် နိုင်ငံရေး မျှော်လင့်ချက်ပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီး “နည်းလမ်းဆိုတာက အဓိကကတော့ နိုင်ငံတော် အာဏာကို ရယူထားတဲ့ နစက-က အခြေအနေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်း ရှိနေတယ်၊ အဲဒါကြောင့် ကျနော်တို့က လက်နက်ကိုင် နည်းလမ်းကို လက်မခံဘူး ဆိုရင် နိုင်ငံရေးနည်းလမ်းက ဘယ်လိုသိသာထင်ရှားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်စေနိုင်တယ် ဆိုတာကို နိုင်ငံတကာကိုရော၊ ကျနော်တို့ အဓိကကတော့ ပြည်တွင်း ဒီမိုကရေစီရေး အင်အားစုတွေ တိုင်းရင်းသား အင်အား စုတွေကိုရော၊ နိုင်ငံတကာကိုပါ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ကျနော်တို့ သိသာမြင်သာတဲ့ သတင်းစကားတွေ ပေးဖို့လိုတယ်၊ တစ်ဖက်ကလည်း နိုင်ငံရေးလမ်းကြောင်းက ကျနော်တို့ ပိတ်နေတယ်၊ ပြည်တွင်းနိုင်ငံရေးပါတီတွေ ဆိုရင် လှုပ်ရှားလို့ မရသလောက် ဖြစ်နေတယ်၊ အမျိုးမျိုး ချုပ်ခြယ်မှုတွေ၊ ထိန်းချုပ်မှုတွေ၊ နောက်တစ်ခါ အကန့် အသတ်တွေ မျိုးစုံရှိနေတဲ့ အချိန်မှာ ပြည်သူတွေ ကိုယ်၌က နိုင်ငံရေးနည်းလမ်းကို မမြင်တော့ဘူး ဖြစ်နေတယ်၊ ဒါကြောင့်မို့လို့ ကျနော်က နိုင်ငံရေးနည်းလမ်း၊ နိုင်ငံရေးလမ်းစ ပွင့်လာအောင် ရွေးကောက်ပွဲ လုပ်ပေးမယ်၊ နိုင်တဲ့ လူ အာဏာလွှဲမယ်ဆိုတာလောက်နဲ့ မလုံလောက်ဘူး။ ဒီအခြေအနေဟာ ဘယ်တုန်းကမှ မကြုံခဲ့ဖူးတဲ့ အခြေ အနေမှာ သိသာမြင်သာတဲ့ နိုင်ငံရေး မျှော်လင့်ချက် ကောင်းကောင်း တည်ဆောက်ပေးဖို့ လိုတယ်လို့ ကျနော်တို့ က တောက်လျှောက် တိုက်တွန်းနေတာ၊ အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ ကျနော်တို့က နိုင်ငံရေးထွက်ပေါက် ပိတ် နေတဲ့ အခြေအနေမျိုးဆိုရင် ပြည်တွင်းရော၊ နိုင်ငံတကာရော ဒီအတိုင်း ဆက်သွားရင် နောက်ထပ် နောက်ထပ် စိန်ခေါ်မှုတွေ အကျပ်အတည်းတွေ ထပ်ပြီးတော့ ကြုံလာရမှာပဲလို့ ကျနော်တော့ မြင်ပါတယ်” ဟု CNI သတင်းဌာ နသို့ ပြောသည်။

ရွေးကောက်ပွဲ မဲပေးပေးသူ တစ်ဦး လက်သန်းကိုပြသထားစဉ် (စိုင်းအောင်မိန်း)

၂၀၂၃ ခုနှစ်၊ ဩဂုတ်လအတွင်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ်ကြောင်း၊ အနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာ လွှဲ ပေးမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားထားသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲမှာ ထွက်ပေါက်တစ်ခုဖြစ်သော်လည်း အလုံးစုံ ပြေလည်ရန် အားနည်းချက် ရှိနေ မှာ ဖြစ်ကြောင်း လီဆူအမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက CNI သတင်းဌာန သို့ ပြောသည်။

ကယားပြည်နယ်က တိုင်းရင်းသူတစ်ဦး မဲပေးအပြီးတွေ့ရစဉ် (STR-GETTY IMAGES)

၎င်းက “ကျနော်တို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးက ထွက်ပေါက် တစ်စုံတစ်ရာတော့ ဖြစ်သွားနိုင်ပါတယ်၊ သို့သော် အလုံးစုံ ရာခိုင်နှုန်း အများစု ပြေလည်သွားနိုင်ဖို့ကတော့၊ နိုင်ငံရေးလမ်းကြောင်း ပြေလည်သွားနိုင်ဖို့ ကတော့ အားနည်းချက် ရှိနေပါဦးမယ်လို့ပဲ မြင်ပါတယ်ခင်ဗျ။ ဒါပေမဲ့ ရွေးကောက်ပွဲကတော့ ကျနော်တို့ရဲ့ ဒီမိုကရေစီနိုင်ငံတိုင်းမှာ ရွေးကောက်ပွဲဟာ ထွက်ပေါက်ကြီး တစ်ခုဖြစ်တယ်၊ သို့သော် အလုံးစုံပါဝင်နိုင်ဖို့ အားလုံး ပါဝင်နိုင်ဖို့တော့ အရေးကြီးမှာပေါ့၊ အဲဒီအတွက် ကျနော်တို့က ရွေးကောက်ပွဲအတွက် တွေ့ဆုံဆွေးနွေးရေး အရေး ကြီးသလို၊ ရွေးကောက်ပွဲ အလွန်မှာလည်း တွေ့ဆုံဆွေးနွေးရေးက အများကြီး အရေးကြီးမယ်လို့ ဒီလိုလေး မြင်မိ ပါတယ်” ဟု ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲကို ပြည်သူများ ပူးပေါင်းခြင်း မပြုရန် ချင်းပြည်နယ် ပူးတွဲ ကာကွယ်ရေး ကော်မတီ (CJDC)မှ ထုတ်ပြန်ထားသလို ကရင်နီပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများအနေဖြင့် နစက ကျင်းပ မည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် မပြုကြောင်း ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)က လည်း ပြောကြားထားသည်။