CNI International News

အဘူဂျာ၊ ဒီဇင်ဘာ ၁၀

ရွေးကောက်ပွဲကော်မရှင် ရုံးများကို ပစ်မှတ်ထားသည့် အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လာမည့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပမည့် နိုင်ဂျီးရီးယား ရွေးကောက်ပွဲများနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာစေ သည်ဟု AP သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတွင်း ၂၀၁၉ ခုနှစ် ရွေးကောက်ပွဲ ပြီးချိန်ကတည်းက ကော်မရှင်ရုံး ၅၀ နီးပါး ဖျက်ဆီးခံခဲ့ရသည်ဟု ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။

နောက်ဆုံး ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုမှာ အရှေ့တောင်ပိုင်းပြည်နယ် အီမိုတွင် တနင်္ဂနွေနေ့က လွတ်လပ်သော အမျိုးသား ရွေးကောက်ပွဲကော်မရှင်ရုံးကို မီးရှို့တိုက်ခိုက်မှု ဖြစ်သည်။

အာဖရိက၏ လူဦးရေ အထူထပ်ဆုံးဖြစ်သော နိုင်ဂျီးရီးယားနိုင်ငံသည် လုံခြုံရေးဆိုင်ရာ ပြဿနာများစွာနှင့် ရင်ဆိုင် နေရသည်။

၎င်းတို့တွင် IS အဖွဲ့နှင့် အဆက်အစပ်ရှိသော အရှေ့မြောက်ပိုင်း အစ္စလာမ္မစ် အစွန်းရောက် ပုန်ကန်မှု၊ အနောက် မြောက်ဘက် သူပုန်ထမှုနှင့် အရှေ့တောင်ဘက် ခွဲထွက်ရေးသမားများ စသည်တို့ ပါဝင်သည်။

နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်(AP)

ထို့ကြောင့် လုံခြုံရေးပြဿနာများသည် လာမည့် ဖေဖော်ဝါရီ ၂၅ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲများအတွက် အဟန့်အတား ဖြစ်လာစေနိုင်သည်ဟု သုတေသီများက ဆိုသည်။

မဲရလဒ်အပေါ် မကျေနပ်သည့် ဆန္ဒပြပွဲများ အပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အကြမ်းဖက်မှုများမှာ နိုင်ဂျီးရီးယား နိုင်ငံ၏ ရွေးကောက်ပွဲများကို ထိခိုက်စေလျက်ရှိပြီး ၂၀၁၁ ရွေးကောက်ပွဲ နောက်ပိုင်း ၎င်းနှင့် ဆက်စပ်နေသည့် အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၈၀၀ နီးပါး သေဆုံးခဲ့ရသည်။

ရွေးကောက်ပွဲဆိုင်ရာ အခြေခံ အဆောက်အဦးများကို အများဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် နိုင်ငံ၏ အရှေ့ တောင်ပိုင်းတွင် အကြမ်းဖက် ခွဲထွက်ရေးသမားများက လွတ်လပ်သော ဘီရာဖရာပြည်နယ်အဖြစ် ခွဲထွက်ရန် ကြိုးပမ်းလျက်ရှိသည်။
အဆိုပါ ခွဲထွက်ရန် ကြိုးပမ်းမှုသည် နှစ် ၅၀ ကျော် တော်လှန်ပုန်ကန်နေမှုလည်း ဖြစ်သည်။

ဘီရာဖရာလူမျိုးစုများဟု ထင်ရှားသည့် ဘီရာဖရာလိုလားသော အဖွဲ့ဝင်များသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို သတ်ဖြတ်နေခြင်း၊ တစ်ခါတစ်ရံတွင် ၎င်းတို့သည် အစ်ဘို လူမျိုးအုပ်စုဝင်များကို သတ်ဖြတ်ခြင်းများ လုပ်ဆောင် နေသည်ဟု အာဏာပိုင်များက စွပ်စွဲထားသည်။

နိုင်ဂျီးရီးယား ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့က မဲပုံးများကိုတွေ့ရစဉ်

လက်ရှိအချိန်အထိ ရွေးကောက်ပွဲကော်မရှင်ရုံးများကို မည်သည့် အဖွဲ့အစည်းက တိုက်ခိုက်မှုများ လုပ်ဆောင် နေလဲ ဆိုသည်ကိုတော့ မသိရသေးပေ။

အဆိုပါ အကြမ်းဖက်မှုများက မဲဆန္ဒရှင်များကို မဲမပေးနိုင်စေရန်၊ ရွေးကောက်ပွဲဆိုင်ရာ ဝန်ထမ်းအင်အား လျော့နည်း လာစေရန်၊ သယ်ယူပို့ဆောင်ရေးအား ထိခိုက်ရန်၊ ရွေးကောက်ပွဲဆိုင်ရာ အသုံးအဆောင် ပစ္စည်း များနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ထိခိုက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု သုတေသီတစ် ဦးဖြစ်သူ အိုလူဝိုလီ အိုဂျီဝါလီ (Oluwole Ojewale) က ပြောသည်။

ရွေးကောက်ပွဲကော်မရှင်နှင့် ၎င်း၏ ဝန်ထမ်း၊ အဆောက်အဦများတွင် နောက်ထပ် တိုက်ခိုက်မှုများ ထပ်ဖြစ်လာ နိုင်သည်ဟုလည်း ယူဆလျက်ရှိ နေသည်။

ထိုအကြမ်းဖက်မှုများအပေါ် နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကိုင်တွယ်ဖြေရှင်းပုံနှင့် ပတ်သက်၍ သံသယ များကို ကြီးထွားစေသည်ဟုလည်း အိုလူဝိုလီ အိုဂျီဝါလီက ပြောသည်။

Source: AP