CNI News

၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁

လာမယ့် ၂၀၂၅ ခုနှစ်မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြင်ဆင်နေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် မည်ကဲ့သို့ ကျင်းပမလဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြား သုံးသပ်လျက်ရှိနေသည်။

နစကအနေဖြင့် ရွေးကောက်ပွဲကို အခိုင်အမာ ကျင်းပမည်ဟု ပြောဆိုထားကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ကျင်းပနိုင်ပါက တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းဖြင့် လွှတ်တော် အထမြောက်ကြောင်း ပြည်သူ့ပါတီ (PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ရွေးကောက်ပွဲကတော့ လုပ်ကိုလုပ်မှာ ဒါသူ့ဖက်က အခိုင်အမာ ပြောထားပြီးသား၊ အဲဒီလို လုပ်မယ့်နေရာ မှာ ပေးထားချက်ပေါ့၊ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပုဒ်မ ၁၂၈ (က) အရဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ် ထက်ဝက် ကျော်လို့ရှိရင် အထမြောက်တယ်၊ လောလောဆယ်မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရှိပြီးသားဖြစ်တော့ နောက်ထပ် ၂၅ ရွေးကောက်ပွဲ ကျင်းပနိုင်ရင် လွှတ်တော်အထမြောက်တယ်၊ ဒါတောင်မှ သာမန်အခြေအနေ ဆိုးဆိုးဝါးဝါးကြီး ဖြစ်နေတယ်ဆိုရင် ထက်ဝက်ကျော်တောင် မရဘူးဆိုရင် သုံးပုံတစ်ပုံနဲ့ လွှတ်တော် အထမြောက် တယ်ဆိုတော့ ပုဒ်မ ၁၂၈ (ခ) အရ အဲဒါဆိုရင် ၃၃ ရာခိုင်နှုန်းပဲ လိုတယ်၊ အဲဒီ‌တော့ စစ်တပ်က ၂၅ ရာခိုင်နှုန်းဖြစ် တော့ ရွေးကောက်ခံ ၈ ရာခိုင်နှုန်း ဖြစ်ရင်ကိုပဲ လွှတ်တော်အထမြောက်တယ်၊ အဲဒီတော့ ဒါက ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပေးထားချက်တွေနဲ့ ပြောတာပေါ့နော်၊ အဲဒီအခြေအနေ ကနေပြီးတော့ လက်ရှိရှိနေတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကနေပြီးတော့ အာဏာသုံးရပ်စလုံးကို ချုပ်ကိုင်ပြီး အုပ်ချုပ်နေတဲ့ ပုံစံကနေပြီးတော့ ရွေးကောက်ခံ လွှတ်တော်အစိုးရ တရားရေးအစရှိသဖြင့် ဒီပုံစံလေးတော့ စပြီးတော့ ပုံပေါ်လာမယ်၊ ပုံပေါ်တာပဲ ရှိသေးတယ်။ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့အတွက်ကလည်း ကျနော်တို့က ဆက်ပြီးတော့ ပွင့်လာတဲ့ အခြေအနေကနေပြီးတော့ အများကြီး ကျနော်တို့ ဆက်ကြိုးစားရဦးမယ်” ဟု ပြောသည်။

ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးကို တွေ့ရစဉ်

လက်ရှိအခြေအနေကို မကြိုက်၍ လုံးဝပြောင်းလဲရန်မှာ ဖွဲ့စည်းပုံမရှိသော ၁၉၈၈ ခုနှစ်က စစ်အုပ်ချုပ်ရေး အခြေအနေကို ပြန်ရောက်နိုင်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံကို အထိအခိုက် အနည်းဆုံးဖြင့် ပြောင်းလဲနိုင်ရန် ကြိုးစားနေကြောင်း ဦးကိုကိုကြီးက ထောက်ပြသည်။

နိုင်ငံတစ်ဝှမ်း လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသော အခြေအနေမျိုးတွင် ရွေးကောက်ပွဲကျင်းပရန် မလွယ်ကူ ကြောင်း၊ ကိုယ်စားလှယ်များ၏ လုံခြုံမှု၊ မဲဆန္ဒရှင်များ၏ လုံခြုံမှုများကို မည်ကဲ့သို့ တာဝန်ယူမလဲဆိုသည့်အပေါ် ထောက်ပြမှုများ ရှိနေသည်။

တခြားတစ်ဖက်မှာလည်း အတိုက်အခံ အင်အားစုများက နစက ကျင်းပမည့် ရွေးကောက်ပွဲ အထမမြောက်စေရန် နည်းလမ်းပေါင်းစုံဖြင့် အနှောင့်အယှက်ပေးလာနိုင်သည့်အတွက် မည်သို့ ဆောင်ရွက်ကြမလဲ မေးခွန်းထုတ်စရာ ဖြစ်နေသည်ဟု နိုင်ငံရေးသုံးသပ်သူများက ပြောသည်။

နစကအနေဖြင့် ၂၀၁၀ အထွေထွေရွေးကောက်ပဲ အခင်းအကျင်းမျိုးကို မျှော်လင့်ကြောင်း၊ ရွေးကောက်ပွဲကို ၎င်းတို့၏ ထွက်ပေါက်အနေဖြင့် ကြိုးစားမှာဖြစ်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

နစက ကျင်းပမည့် ရွေးကောက်ပွဲဆန့်ကျင်နေကြစဉ် 

၎င်းက “ရွေးကောက်ပွဲ ကျင်းပမယ်ဆိုရင်တောင်မှ တစ်ခါမှ မရှိဖူးတဲ့ မဖြစ်ဖူးတဲ့ အနေအထားမျိုး သူတို့ ကြုံတွေ့ ရမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်မှာလည်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်နေကြတဲ့သူတွေက အများကြီးပါ။ အဖွဲ့အစည်းတွေလည်း အများကြီးပါ။ သူတို့ရဲ့ ထွက်ပေါက်ဟာလည်း ဒီဟာကိုပဲ ပြန်ပြီး ၂၀၀၈ တစ်ပတ်လည်မှာ အတုအယောင်ရွေးကောက်ပွဲဖြစ်နေပြီးတော့ ၂၀၁၀ အခင်းအကျင်းမျိုး သူတို့အနေနဲ့ကတော့ အရမ်းမျှော်လင့်ပုံရပါတယ်။ ဒါပေမဲ့ ကျနော့် အနေနဲ့ကတော့ ဒီရွေးကောက်ပွဲကတော့ ဖြစ်လာစရာလည်း အကြောင်းမရှိဘူးလို့ မြင်တယ်၊ သူတို့ အုပ်ချုပ်တဲ့ဟာလည်း မနိုင်မနင်းဖြစ်နေတယ်၊ စီးပွားရေးလည်း ချွတ်ခြုံကျ နေတယ်၊ ဒီအာဏာရူးတွေ အာဏာကို ဆုတ်ကိုင်ထားသရွေ့ကတော့ အတုအယောင် ရွေးကောက်ပွဲဆိုတာလည်း ဖြစ်လာဖို့ ကျနော့်အနေနဲ့ မမြင်ဘူးပေါ့ဗျာ၊ ဒါပေမဲ့ သူတို့ကတော့ သူတို့ရဲ့ ထွက်ပေါက်အနေနဲ့ အဲဒါကို အကောင်း ဆုံး မျှော်လင့်ချက် တစ်ခုအနေနဲ့ သူတို့ ကြိုးစားမှာပေါ့” ဟု ပြောသည်။

နစကသည် ယခုနှစ်(၂၀၂၄) အောက်တိုဘာလအတွင်း လူဦးရေနှင့် သန်းခေါင်စာရင်း ကောက်ယူမှာဖြစ်ပြီး လာမည့်နှစ်(၂၀၂၅)တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အခြားတစ်ဖက်မှာတော့ နစက ကျင်းပမည့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘဲ မပျက်ပျက်အောင် ဖျက်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားထား သည်။