CNI International News

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၆

ကမ္ဘာပေါ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းသည် မြင့်တက်လာခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ကုလသမဂ္ဂကလည်း လာမည့်နှစ်တွင် လူပေါင်း ၃၀၇ သန်းခန့်သည် လူသားချင်း စာနာထောက်ထားမှု အကူအညီ များ လိုအပ်လိမ့်မည်ဖြစ်ပြီး ရန်ပုံငွေ မလုံလောက်သဖြင့် ထိုလူဦးရေ၏ ၆၀ ရာခိုင်နှုန်းကိုသာ ကူညီထောက်ပံ့ ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်တွင် ကမ္ဘာပေါ်၌ လူပေါင်း ၁၁၇ သန်းနီးပါးသည် စားနပ်ရိက္ခာ အကူအညီများ မရရှိမည့် အခြေအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

ကုလသမဂ္ဂသည် ၂၀၂၄ ခုနှစ် ကုန်ချိန်တွင် ကမ္ဘာတစ်ဝန်း လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးရန် လိုအပ်သည့် ဒေါ်လာ ၄၉  ဘီလျံ၏ ၄၆ ရာခိုင်နှုန်းသာ ရရှိလိမ့်မည်ဖြစ်ကြောင်း မှတ်တမ်းများ၌ ဖော်ပြထား သည်။

လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများအတွက် အလှူငွေ ထည့်ဝင်မှု လျော့နည်းလာခြင်းက ကမ္ဘာတစ်ဝန်း ဆာလောင်ငတ်မွတ်မှု အကျပ်အတည်းကို ပိုမိုဆိုးရွားစေခဲ့သည်။

WFP ကိုတွေ့ရစဉ်

အလှူငွေများ လျော့နည်းလာမှုသည် ဆီးရီးယားတွင် လူပေါင်း ၆ သန်းလောက်ကို ထောက်ပံ့ပေးနေရသည့် ကုလသမဂ္ဂ၏ အဓိက စားနပ်ရိက္ခာ ထောက်ပံ့သည့်အဖွဲ့ဖြစ်သော ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) အပေါ်ကိုလည်း ဂယက်ရိုက်ခတ်လာခဲ့သည်။

WFP သည် ရန်ပုံငွေ အခြေအနေအရ အကူအညီပေးနိုင်မည့် လူအရေအတွက်ကို ချိန်ဆခဲ့ရကြောင်း WFP ၏ အကြီးအကဲ တစ်ဦးဖြစ်သည့် ရေနီယာ ဒါဂရှ် ကာမာရာ (Rania Dagash-Kamara) က ပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်တွင် နိုင်ငံပေါင်း ၅၉ ခုတွင်  အကြမ်းဖက်မှုများကြောင့် လူပေါင်း ၂၈၂ သန်းခန့် သည် စားနပ်ရိက္ခာ အကျပ်အတည်းနှင့် ရင်ဆိုင်ခဲ့ရသည်။

ထိုနိုင်ငံများထဲတွင် ဆူဒန်၊ မြန်မာနှင့် အာဖဂန်နစ္စတန်တို့လည်း ပါဝင်ခဲ့ကြောင်း ရိုက်တာက ဖော်ပြခဲ့သည်။

Source: ရိုက်တာ