CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
မြစ်ဝကျွန်းပေါ်ကို ထိုးဖောက်သည့် လှုပ်ရှားမှုများသည် မကြာခင် ၂၀၂၅ ခုနှစ်၏ အဖွင့်စစ်မျက်နှာများ ဖြစ်လာနိုင် သည်ဟု ပြသနေခြင်းဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြနေကြသည်။
ယောဒေသလွတ်မြောက်ရေး မဟာမိတ်များဖြင့် ပူးပေါင်းပြီး စစ်ရေးအရှိန် မြှင့်သွားမည်ဟု ယောတပ်တော်(YA)က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ထို့ပြင် ယောတပ်တော်သည် ချင်းပြည်နယ်၊ မတူပီ မြို့သိမ်းတိုက်ပွဲမှ စတင်ကာ AA ၊ ချင်းညီနောင် ကာကွယ်ရေး အဖွဲ့များ အပါအဝင် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲ ဝင်နေသည်ဟု ဖော်ပြခဲ့သည်။
မကွေးတိုင်းနှင့် ဆက်စပ်နေသည့် ယော၊ ဆောဒေသများအား လွတ်မြောက်သောဒေသ ဖြစ်လာရန် အစပြုချက် များဟု ယူဆနိုင်ကြောင်း၊ ဂွတိုက်ပွဲများ ပြီးသည့်နောက် မြစ်ဝကျွန်းပေါ် ထိုးဖောက်သည့် လှုပ်ရှားမှုသည် ၂၀၂၅ ခုနှစ်၏ အဖွင့်စစ်မျက်နှာများ ဖြစ်လာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာန သို့ ပြောသည်။
ယောတပ်တော်(YA)ကို တွေ့ရစဉ်
၎င်းက “အဲတော့ အမ်းဘက်ကနေပြီး ကျနော်တို့ အမ်း-ပဒါန်းလမ်းအတိုင်း ဆင်းလာမယ်ဆိုလို့ရှိရင် မကွေးတိုင်း ကို ရောက်မှာပါ၊ အဲတော့ အဲတိုင်းနဲ့ AA နဲ့ ပေါင်းစပ်ရေးအတွက် အမ်းဒေသ၊ အမ်းစစ်ဌာနချုပ် အောင်ပွဲရလိုက် တာဟာ တစ်နည်းအားဖြင့် ပြောရလို့ရှိရင် မကွေးတိုင်းနဲ့ ဆက်စပ်နေတဲ့ မကွေးတိုင်းကိုဝင်တဲ့ ယော၊ ဆောဒေသ တစ်ဝိုက်လုံး အဲတာတွေ ဒေသတွေမှာ တော်လှန်ရေးလှုပ်ရှားမှုတွေ ပေါ်လာပြီးတဲ့နောက် အဲဒီဒေသကြီး လွတ်မြောက်တဲ့ဒေသ ဖြစ်လာဖို့အတွက် အစပြုချက်လို့ ကျနော်တို့တော့ ယူဆပါတယ်ဗျ။ ဒါကြောင့်မို့ ကျနော်တို့ အဲဒီဒေသက လှုပ်ရှားမှုတွေက မကြာခင်မှာ ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ ၁၀၂၇ စီမံကိန်းတစ်ရပ် ဖြစ်လာလိမ့် မယ်လို့ ကျနော်တို့ မျှော်လင့်ကြိုဆိုလျက် ရှိပါတယ်ခင်ဗျ၊ အမ်း-ပဒါန်း လမ်းကြောင်းပါပဲ၊ အဲဒီလမ်းကြောင်းကနေ ပြီးတော့ မကွေးတိုင်းထဲကို ဝင်ရောက်လာနိုင်ပါတယ်၊ တိုက်ပွဲတွေ အဲဒီနေရာမှာ တော်တော်လေးကို မြိုင်မြိုင်ဆိုင် ဆိုင် ပေါ်ပေါက်လာနိုင်ပါတယ်၊ အခြားတစ်ဖက်ကတော့ ဂွပြီးလို့ရှိရင် အခုက ဆက်ပြီးတော့ ရှေ့ဆက်သွားမယ့် နေရာက မြစ်ဝကျွန်းပေါ်ဖြစ်ဖို့ များပါတယ်၊ အခုမြစ်ဝကျွန်းပေါ် ဘက်မှာတောင်မှ တချို့သော မြစ်ဝကျွန်းပေါ်က မြေအောက်ပြည်သူ့ကာကွယ်ရေး၊ ပလဖ တွေ၊ ပအဖတွေ ကြိုတင်ပြီးတော့ ပြင်ဆင်ထားတယ်လို့ ကြားရပါတယ်၊ အဲတော့ မြစ်ဝကျွန်းပေါ် ထိုးဖောက်တဲ့ လှုပ်ရှားမှုဟာ မကြာခင် ၂၀၂၅ ခုနှစ်ရဲ့ အဖွင့်စစ်မျက်နှာတွေ ဖြစ်လာနိုင် တယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်” ဟု ပြောသည်။
စစ်ရှိန်မြှင့်ခြင်းသည် ဇန်နဝါရီ ၂၀ ရက်နေ့ မတိုင်ခင် ထူးထူးခြားခြား လှုပ်ရှားဆောင်ရွက်ပြမှုများ ရှိနိုင်ကြောင်း၊ ULA/AA သည် မဟာမိတ်များ၏ ဒေသများသို့ ပူးပေါင်းစစ်ဆင်ရေးများ လုပ်လာနိုင်ခြေရှိကြောင်း ရခိုင့်ဦးဆောင် ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
မြစ်ဝကျွန်းကိုတွေ့ရစဉ် (ဖရွန်းတီးယားမြန်မာ)
၎င်းက “စစ်ရှိန်မြှင့်မယ်ဆိုတာတွေကလည်း ဘာလို့ဆိုရင် ဇန်နဝါရီ ၂၀ သမ္မတအသစ်ဖြစ်လာမယ့် ထရမ့်ကလည်း သူရဲ့ကျမ်းကျိန် စတော့မယ့်ကာလဖြစ်တော့ အဲတော့ ဒီမတိုင်ခင်လေးမှာ မြန်မာ Burma Art လို့ခေါ်တာပေါ့၊ NDAA တို့ရဲ့ ဖြန့်ခွဲမှုပေါ့ဗျာ၊ ငွေကြေးအားဖြင့် ဘယ်လောက်ထိ ပံ့ပိုးပေးထားသလဲ မပြောတတ်ဘူး။ အဲတာနဲ့ ပတ်သက် လို့လည်း ငွေပေးမယ်ဆိုတာ CSO ကအစပေါ့၊ ပိုက်ဆံပေးရင်သူ့ရဲ့ implement ဘာလုပ်တယ်ဆိုတာ ပြန်ပြရ တာပေါ့၊ ဆိုတော့ အဲဒီဟာနဲ့ပတ်သက်လို့ တစ်ဖက်ကလုပ်ရင်၊ တစ်ဖက်က ဆောင်ရွက်မှုကိုပြတဲ့ အနေအထား ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့်လည်းပဲ အဲဒီကာလ ဇန်နဝါရီ မတိုင်ခင်လေးမှာ နည်းနည်း ထူးထူးခြားခြား လှုပ်ရှားပြတာတို့၊ ဆောင်ရွက်ပြတာတို့လည်း ရှိနိုင်ပါတယ်၊ ဆိုဒါကတစ်ပိုင်းပေါ့ဗျာ။ အဲတော့ ခုနကပြောတဲ့ ရခိုင်ဒေသရဲ့ ထိုးစစ်ကိုပြန်ကြည့်ရင် AA တစ်ခုထဲလား၊ AA + ရှမ်းမြောက်ဘက်က အင်းအားစုတွေ ပါသလား၊ မပါဘူးလား၊ သို့မဟုတ် ဒီဒရုန်းနည်းပညာနဲ့ ပတ်သက်လို့ တစ်ဖက်က ပြည်မဘက်က ပညာရှင် ခုန PDF တွေပါ လား၊ မပါဘူးလား မပြောတတ်ဘူး။ တကယ်လို့များပါခဲ့ရင် သူတို့ရဲ့နယ်မြေဖြစ်တဲ့ အညာဒေသ ပြန်ထိုးစစ်ဆင် တာတို့၊ မြေလတ်ပိုင်း ပြန်ထိုးစစ်ဆင်တာတို့မှာ တစ်ဖက်က အဲဒီဖက်မှာ ပူးပေါင်းကူညီခဲ့တဲ့ ဒီဖက်က မျက်နှာကို ထောက်ပြီးမှ ULA/AA သည် ဒီဖက်ကို စစ်ဆင်ရေး ပြန်လုပ်လာနိုင်ခြေရှိတာပေါ့” ဟု ပြောသည်။
မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတွင် စစ်ရှိန်များ မြင့်လာနိုင်ကြောင်း၊ ထိုဒေသများတွင် တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အုံနှင့်ကျင်းနှင့် ပါဝင်တိုက်ခိုက်လာနိုင်သော စစ်မျက်နှာပြင်များအဖြစ် တွေ့မြင်ရလာနိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်နေကြသည်။
AA သိမ်းပိုက်ထားသည့် ရခိုင်ပြည်နယ် အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အား ပြန်လည်ထိုးစစ်ဆင်နိုင်ရန် မြန်မာ့တပ်မတော် စစ်ကြောင်းများသည် အမ်းမြို့နှင့် မိုင် ၂၀ အကွာ တောင်စောက် တရုတ်ရေနံပိုက်လိုင်း ထိန်းချုပ်ရေးစခန်းတွင် အထိုင်ချထားကြောင်း သိရသည်။