CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေအား လုပ်ကြံပစ်ခတ်ခဲ့သူများကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် နစက-က သတင်းထုတ် ပြန်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၌ ရှိနေသော ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်က သေနတ်ဖြင့် ပစ်ခတ်ထွက် ပြေးမှု ဖြစ်ပွားခဲ့သည်။
ဦးစန်းငွေကို ပစ်ခတ်သွားသူ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်နှင့် မေမြတ်သဉ္ဇာကျော်(ခ)ငယ်ငယ်တို့ကို အင်းစိန် မြို့နယ်၊ အောင်ဆန်းရပ်ကွက်၊ အောက်မင်္ဂလာဒုံလမ်း၊ အမှတ်(၇၈၂)နေအိမ်၌ ဒီဇင်ဘာ ၂၄ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်တွင် ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၅ တောင့်၊ YGN-8 GG-6136 Fielder အဖြူရောင် အငှားယာဉ်တို့နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်အရ ပစ်ခတ်မှုအတွင်း ပါဝင်သူ ထန်းတပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာ၊ ရေတွင်းကုန်း-ဝါးတရာလမ်း၊ “စိုင်းသူအောင်”အဆောင်နေ ကျော်ဇင်ဦး(ခ)ကျောင်ဆရာကို ည ၁၀ နာရီခွဲတွင် ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည် ၁၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဒီဇင်ဘာ ၂၅ ရက်တွင် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ မင်းရဲကျော်စွာ(၅)လမ်း၊ အိမ်အမှတ်(၁)နေ စိုင်းနောင်ထက်(ခ)အာကြီးအား ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ 9 mm ကျည် ၃၃ တောင့်နှင့် မီးခိုးဗုံး ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများအနက် ကျော်ဇင်ဦး(ခ) ကျောင်းဆရာ၊ ဇော်ဇော်ဗိုလ်(ခ)ထွန်းထွန်းအောင်၊ မေမြတ်သဥ္ဇာ ကျော်(ခ)ငယ်ငယ်တို့သည် Free Land Attack Force(FLA) အဖွဲ့ဝင်များဖြစ်ကြောင်း၊ ထိုအဖွဲ့တွင် ၁၅ ဦးရှိပြီ ခေါင်းဆောင်မှာ နေမျိုးနွယ် (မဲဆောက်မြို့နေ)ဖြစ်ကြောင်း သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို လုပ်ကြံပစ်ခတ်ရန်အတွက် ဒီဇင်ဘာ ၂၂ ရက်က FLA အဖွဲ့ခေါင်းဆောင် နေမျိုးနွယ်က စေခိုင်းခဲ့ခြင်းဖြစ်ကြောင်း၊ FLA အဖွဲ့အနေဖြင့် အင်းစိန်နှင့် တာမွေမြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံး အပါအဝင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးများကို ဗုံးကွဲတိုက်ခိုက်မှုများ လုပ်ခဲ့သလို မရမ်းကုန်မြို့နယ်၊ သမိုင်းလမ်း၊ မင်းဓမ္မလမ်းမီးပွိုင့်အနီးရှိ CCTV ပုံးကို ရီမုမိုင်းတစ်လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖမ်းဆီးခံထားရသူ များက ထွက်ဆိုခဲ့သည်ဟု နစက-က သတင်းထုတ်ပြန်ခဲ့သည်။