CNI News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁၈

လက်နက်ကိုင်လမ်းစဉ်ဖြင့် မဟုတ်ဘဲ နိုင်ငံရေးနည်းလမ်းဖြင့်လည်း ရလဒ်ကောင်းများ ထွက်နိုင်သည်ကို ပြသရန် လိုအပ်ကြောင်း ပြည်သူ့ပါတီ(PP) ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ပြည်တွင်းတွင် ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ဟု မပြသနိုင်သရွေ့ လက်နက်ကိုင်လမ်းစဉ်မှာ အားကောင်းနေမှာ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီးက “လက်နက်ကိုင်ပြဿနာကို ဖြေရှင်းမယ်ဆိုရင် တစ်ဖက်က လက်နက်မကိုင်ဘဲနဲ့ နိုင်ငံရေး နည်းလမ်းနဲ့လည်း ရလဒ်ကောင်းတွေ ထွက်နိုင်တယ်ဆိုတာကို မပြသနိုင်မချင်း နိုင်ငံ‌ရေးနည်းလမ်း အယုံအကြည် မရှိဘူးဆိုရင် လက်နက်ကိုင်မှ ဖြစ်မယ်ဆိုတဲ့ အယူအဆကို အားကောင်းအောင် တမင်တွန်းပို့သလိုဖြစ်တယ်၊ ဒါကြောင့်မို့ ကျ‌နော်ပြောချင်တာက လက်နက်ကိုင်ပဋိပက္ခကို ချေမှုန်းမယ်ဆိုတာလောက်နဲ့ မပြီးဘူး။ နိုင်ငံရေး နည်းလမ်းက ရလဒ်ကောင်းတွေ ထွက်နိုင်တယ်ဆိုတာကို ထင်ထင်ရှားရှား ပြနိုင်ရင် လက်နက်ကိုင်နည်းလမ်းက တဖြည်းဖြည်းနဲ့ အလိုအလျှောက်ကျသွားမှာ ဒါက နိုင်ငံရေးအမျှော်အမြင်နဲ့ ဆိုင်တယ်လို့ ကျ‌နော်တော့ မြင်ပါ တယ်”ဟု ပြောသည်။

 NUG-PDF ကိုတွေ့ရစဉ်

၁၉၄၈ လွတ်လပ်ရေး ရယူပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ လက်နက်ကိုပဋိပက္ခများ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၇၅ နှစ်တိုင် ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။

ထို့အတူ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း ဆန့်ကျင်ဆန္ဒပြမှုနှင့် အတူ လက်နက်ကိုင် တော်လှန်ရေးကို ဒီမိုကရေစီအင်အားစုများက ဆင်နွှဲခဲ့ကြသည်။

လက်ရှိ အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး အဖွဲ့အစည်းအားလုံးက စေတနာသန့်သန့်ဖြင့် ကြိုးပမ်းရန် လိုအပ် ကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေးအတွက် အစပျိုးနိုင်မည်ဖြစ်ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက CNI သတင်းဌာနသို့ ပြောသည်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကို တွေ့ရစဉ်

၎င်းက “ပြဿနာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာပေါ့နော်၊ ဒီအာဏာရယူလိုက်တဲ့ နောက်ပိုင်းမှာ နွေဦးတော်လှန် ရေးဆိုတာ ပေါ်လာတယ်၊ အဲဒီနွေဦးတော်လှန်ရေးကို အကြောင်းပြုပြီးတော့ တတိုင်းပြည်လုံးမှာ တစ်ခါမှ မမျှော် မှန်းနိုင်ခဲ့တဲ့ အချက်တွေ ပြဿနာတွေ စိုးရိမ်စိတ်လန့်ဖွယ်ရာတွေက အများကြီး၊ အများကြီး ဖြစ်ပေါ်နေခဲ့သလို အခုလည်းပဲ ဆက်တိုက် ဖြစ်‌‌ပေါ်နေဆဲဖြစ်တယ်၊ အဲဒါကြောင့်မို့လို့ စိုးရိမ်ပူပန်မှုတွေ ကင်းတဲ့ တိုင်းပြည်တစ်ခု ဖြစ်မယ် ဆိုလို့ရှိရင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ရော ဒီမှာရှိနေကြတဲ့ ပါဝင် သင့် ပါဝင်ထိုက်တယ်ဆိုတာကတော့ ပါဝင်သင့်တယ်၊ တစ်ဖက်က လက်ခံနိုင်တယ်၊ တစ်ဖက်က လက်မခံဘူးဆို လို့ရှိရင် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူက ဖြစ်ချင်မှ ဖြစ်မှာပေါ့၊ နှစ်ဖက်စလုံးက လက်ခံတဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေ ပါဖို့လိုတယ်၊ ကျမတို့က အကြိတ်အနယ် ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဆွေးနွေးတဲ့အခါမျိုးမှာ အဓိက ဒီတိုင်းပြည် မအေးချမ်းသေးတဲ ပူလောင်နေရတဲ့ ဒီအခြေအနေကို အေးချမ်းအောင် လုပ်မယ်ဆိုတဲ့ စဉ်းစားချက် မျိုးကို အားလုံးစေတနာသန့်သန့်နဲ့ ကျမတို့တွေ ကြိုးပမ်းဖို့ လိုတယ်၊ အဲဒီလို ကြိုးပမ်းမှသာလျှင် ငြိမ်းချမ်းဖို့ ကိစ္စ တစ်ခုခုကို ကျမတို့ အစပျိုးဆောင်ရွက် လာနိုင်မယ်လို့ မျှော်မှန်းပါတယ်” ဟု ပြောသည်။

လက်ရှိ ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် တိုင်းပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာ ရေး စသည့် ကဏ္ဍများမှာ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသည်။

အဆိုပါ ပဋိပက္ခများကို ဖြေရှင်းနိုင်ရေး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ အာဆီယံ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့မှလည်း ကြိုးပမ်းမှုများ ရှိနေသည်။