CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)တို့ တွေ့ဆုံမှုတွင် နစကဘက်က ရပ်တန့်နေသည့် နိုင်ငံရေးဆွေးနွေးပွဲများ ပြန်လည်စတင်လိုသည့် သဘောထားများ ပြောကြားခဲ့ကြောင်း ပါဝင်သူများထံမှ သိ ရသည်။

NSPNC နှင့် NCA ထိုးထားသည့် လက်နက်ကိုင် ၅ ဖွဲ့ တွေ့ဆုံမှုကို မတ်လ ၂၈ ရက်က နေပြည်တော်မှာ ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်တန့်နေသည့် အခြေအနေကို ပြန်လည်စတင်လိုကြောင်းနှင့် ချမှတ်ထား သည့် လမ်းစဉ်အတိုင်း ငြိမ်းချမ်းရေးကို ဆက်လက် ဆွေးနွေးသွားရန် နစက-က ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲတွင် ပါဝင်ခဲ့ သည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တွဲဖက်အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ နားလည်တာတော့ ကြီးကြီးကျယ်ကျယ်တော့ ဘာမှမပါဘူး၊ သူတို့ကတော့ PPST က အဲဒီ နိုင်ငံရေး ဆွေးနွေးပွဲ တွေ မလုပ်ဖို့အတွက်နဲ့ ပြောထားတယ်မလား၊ အဲဒါကို သူတို့က ဆက်ပြီးလုပ်ချင်တဲ့ သဘောပါပဲ”ဟု ပြောသည်။

ဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဖိတ်ခေါ် မှု အခြေအနေ၊ ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး၊ နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ နိုင်ငံ တော် တည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် အခြေအနေများကို ဆွေးနွေး ပြောကြားခဲ့သည်ဟု နစကမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် နစက အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်လိုကြောင်း၊ ရွေးကောက်ပွဲ ကျင်းပပေးမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲအတွက် ဒေသတည်ငြိမ်ရေး လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အပစ်ရပ်အဖွဲ့များကို ပြောကြားခဲ့သည်ဟု ခိုင်အောင်စိုးသန်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၈ ရက် NSPNC နဲ့ NCA ထိုး ၅ ဖွဲ့ နေပြည်တော်မှာ တွေ့ဆုံနေစဉ်

၎င်းက “ဆွေးနွေးပွဲကတော့ ကျနော်အနေနဲ့ကတော့ ထူးထူးခြားခြား သိပ်မမြင်ပါဘူး၊ အဲဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ သူတို့ က အကုန်လုံးစဖို့ နိုင်ငံတော်ကလည်း မူဝါဒချပေးထားတယ်၊ ပြီးတော့ သူတို့က ရွေးကောက်ပွဲကိုလည်း ကျင်းပပေးမယ်၊ သို့သော် ဒေသတည်ငြိမ်ဖို့လိုတယ်၊ အဲဒီလိုပဲ သူတို့ ပြောတာပေါ့” ဟု ပြောသည်။

ထို့နောက် တခြား တစ်ဖက်မှာတော့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် ထိပ်သီး ညီလာခံတစ်ရပ်ကို မတ်လကုန်ပိုင်းတွင် ကျင်းပရန်ရှိသည်။

အဆိုပါ ညီလာခံတွင် အပစ်ရပ် လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် PPST ၏ စုဖွဲ့မှုပုံစံသစ်ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ညီလာခံအပြီးတွင် ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များကို ချမှတ်သွားမည်ဖြစ်ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောကြားထားသည်။

မတ်လ ၂၈ ရက်နေ့က NSPNC နှင့် အလွတ်သဘော တွေ့ဆုံမှုတွင် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဘက်မှ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ တက်ရောက်ခဲ့ကြောင်း နစက-က သတင်းထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေနှင့် ၎င်းတို့၏ ထိပ်သီး ညီလာခံ တစ်ရပ်ကို ထိုင်းနိုင်ငံတွင် ယခုလ မတ်လကုန်တွင် ကျင်းပရန် စီစဉ်ထားပြီး အဆိုပါ ညီလာခံကို ငါးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။