CNI News

၂၀၂၂ ခုနှစ်၊ မေလ ၂

နစက ဥက္ကဋ္ဌ၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ အပစ်ရပ် (၁၀) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST)က အထူးအစည်းအဝေး တစ်ရပ်ကို ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ တိုင်ပင်နေကြကြောင်း၊ မေလ ၆ ရက်တွင် အထူးအစည်းအဝေး တစ်ရပ်ကို ကျင်းပမည်ဖြစ်ကြောင်း တိုင်းရင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျနော်တို့က တစ်စုတစ်ဖွဲ့တည်း မဟုတ်ဘူး အားလုံး ၇ ဖွဲ့ဖြစ်နေတော့ အထူးအစည်းအဝေး တစ်ရပ် ကျနော်တို့ ခေါ်ထားတယ်၊ ၆ ရက်နေ့မှာ အထူးအစည်းအဝေး တစ်ရပ်ခေါ်ပြီးတော့ ကျနော်တို့ လက်ရှိ PPST ၇ ဖွဲ့ ရယ်၊ အပေါင်း ပူးပေါင်းအဖွဲ့ဆိုပြီးတော့ KNU နဲ့ RCSS ပေါ့ဗျာ၊ CNF လို့ခေါ်တဲ့ ချင်းကတော့ Communication လိုင်းပြတ် နေတော့ သူတို့ ဘယ်လို သဘောထားမှန်း မသိဘူး။ KNU နဲ့ RCSS ကတော့ သူတို့ကို Plus အပေါင်းလက္ခဏာနဲ့ ထားပေးပါ ဆိုတော့ ကျနော်တို့ တစ်ဆက်တည်း Part 2 ပေါ့၊ လောလောဆယ် အဲဒီလို ကျနော်တို့ တိုင်ပင်နေကြပါတယ်။ ၆ ရက်နေ့မှာ တိုင်ပင်ကြပြီးတော့ ဒီအခွင့်အရေးကို ဘယ်လို အသုံးပြုမလဲ၊ ထိထိရောက်ရောက်ဖြစ်အောင် ဘာလုပ်မလဲပေါ့။ ကျနော်တို့ အဲဒီလို ပြင်ဆင်မှု လုပ်နေကြပါတယ်။ ၆ ရက်နေ့မှာ ကျနော်တို့ ခေါင်းချင်းဆိုင်ပြီးတော့ အကြံဥာဏ်ထုတ်ပြီးတော့ ဆုံးဖြတ် မှာ ဖြစ်ပါတယ်”ဟု ပြောသည်။

နစကဥက္ကဋ္ဌက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များဖြင့် တွေ့ဆုံဆွေးနွေးလိုကြောင်း၊ တက်ရောက်မည့် တိုင်းရင်းသားခေါင်းဆောင်များ၏ အမည်စာရင်းကို မေလ ၉ ရက် နောက်ဆုံးထား ပေးပို့ရန် ပြောကြားခဲ့သည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာကို တွေ့ရစဉ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်နှင့် ပတ် သက်၍ ပါတီအတွင်း ဆွေးနွေးနေကြောင်း၊ မိမိတို့ ပါတီအနေဖြင့် ငြိမ်ချမ်းရေး ဆွေးနွေးပွဲများသို့ တက်လေ့ တက်ထရှိ ကြောင်း CNI သတင်းဌာနသို့ ပြောသည်။

ဒေါ်စောမြရာဇာလင်းက “ကျမတို့လည်း ပါတီအတွင်းမှာ ကျမတို့ ဆွေးနွေးနေပါတယ်။ ယခင်လည်း ကျမတို့ကတော့ တက်လေ့၊ တက်ထရှိခဲ့ပါတယ်။ ကျမတို့ကတော့ ဒီလို ဖိတ်ခေါ်မှုကိုလည်း ဖိတ်ခေါ်သင့်တယ်၊ ဖိတ်ခေါ်ဖို့ အချိန်တောင် လွန်နေပြီ အဲလိုမျိုး ကျမတို့က ဒီမြန်မာနိုင်ငံ တစ်ခုလုံး အတွက်ပေါ့လေ၊ စကားပြောဖို့ အခင်းအကျင်းတွေ ဖန်တီးသင့်တယ်လို့ ပြော ထားတာ ကြာပါပြီ”ဟု ပြောသည်။

နစကဥက္ကဋ္ဌက ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဟု သတ်မှတ်ထားသည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ခေါင်း ဆောင်များအား တွေ့ဆုံ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ပါကြောင်း၊ တွေ့ဆုံ ဆွေးနွေးမှုကို မိမိကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း ဧပြီ ၂၂ ရက်က ပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များမှာ RCSS၊ KNU၊ DKBA၊ KNU/ KNLA-PC၊ CNF၊ ABSDF၊ NMSP၊ LDU၊ PNLO၊ ALP တို့ ဖြစ်သည်။ NCA မထိုးရသေးသည့် အဖွဲ့များကတော့ KNPP၊ UWSA၊ NDAA၊ KIA၊ SSPP၊ MNDAA၊ AA၊ TNLA၊ NSCN-K၊ ANC တို့ဖြစ်ကြသည်။