CNI News

၂၀၂၂ ခုနှစ်၊ မတ်လ ၂၉

ချင်းပြည်နယ်အတွင်းသို့ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာ၊ အဖြေလွှာများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သွားရောက် ပို့ဆောင်သည့် တပ်မတော် ရဟတ်ယာဉ်တစ်စီး ဟားခါးမြို့ ရဟတ်ယာဉ်ကွင်းအနီး ပျက်ကျခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းလွှာ၊ အဖြေလွှာများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သွားရောက် ပို့ဆောင်သည့် တပ်မတော်ရဟတ်ယာဉ်သည် ယနေ့ (မတ်လ ၂၉ ရက်) နံနက် ၉ နာရီခန့်က ဟားခါးမြို့ရှိ နယ်မြေခံ တပ်ရင်း ရဟတ်ယာဉ်ကွင်း၌ ဆင်းသက်စဉ် လေထုမငြိမ်မသက် ဖြစ်ပေါ်ခဲ့မှုကြောင့် ရဟတ်ယာဉ်ကွင်းအနီး ပေ ၅၀ ခန့် အကွာနေရာ သို့ အမြင့်မီတာ ၂၀ ခန့်မှ မတော်တဆ ပြုတ်ကျမှု ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု နစက-က ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်ကြောင့် မေးခွန်းလွှာ၊ အဖြေလွှာများ ထိခိုက်ပျက်စီးမှု မရှိဘဲ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီးသို့ အချိန်မီ ရောက်ရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါလာသည့် အရပ်ဘက် ဝန်ထမ်း ၃ ဦး၊ လုံခြုံ ရေး တပ်ဖွဲ့ဝင် ၂ ဦးတို့ မစိုးရိမ်ရ ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ လက်ရှိတွင် နယ်မြေခံ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေကြောင်း နစက-က ထုတ်ပြန်ခဲ့သည်။