CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၄

အမေရိကန်အနေဖြင့် ယူကရိန်းကို စစ်ရေး အကူအညီများ ရပ်တည်ခဲ့မည်ဆိုပါက ယူကရိန်းစစ်သားများသည် အရေးတကြီးလိုအပ်သည့် လက်နက်ခဲယမ်းများ မကြာမီအချိန်အတွင်း ပြတ်လပ်သွားဖွယ် ရှိနေသည်ဟု ကျွမ်းကျင်သူများက ပြောကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့ပြင် ယူကရိန်းစစ်သားများအတွက် မြေပြင်တွင် ပြုလုပ်နေသည့် စစ်ဆင်ရေးများကို လျော့ပါးစေရုံသာမက ရုရှား၏ တိုက်ခိုက်မှုများကို ခုခံကာကွယ်နေသော ၎င်းတို့၏ စွမ်းဆောင်ရည်များကိုပါ လျော့ကျစေမည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

အမေရိကန်သည် ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားနေသမျှ ကာလပတ်လုံး ယူကရိန်းကို ထောက်ပံ့ပေးသွားမည်ဟု အမေရိကန် ထိပ်သီးအရာရှိများက ပြောကြားခဲ့သည်။

အမေရိကန်သည် ယူကရိန်းကို ရုရှားက စတင်ကျူးကျော်ခဲ့ချိန်ကတည်းက ဒေါ်လာ ၄၃ ဘီလျံကျော် ထောက်ပံ့ ပေးခဲ့ပြီး ဖြစ်သည်။

ဘိုင်ဒန် လက်မှတ်ထိုးနေစဉ်

ထိုထောက်ပံ့မှု ပမာဏသည် ယူကရိန်းကို အနောက်နိုင်ငံများက ထောက်ပံ့ပေးခဲ့သည့် ငွေပမာဏ စုစုပေါင်း၏ ထက်ဝက်ကျော် ရှိသည်။

သို့သော် မကြာသေးမီ ရက်ပိုင်းအတွင်းက အမေရိကန်အစိုးရ ယန္တရားကို ရပ်ဆိုင်းမည့် အခြေအနေမှ ရှောင်လွှဲနိုင် ခဲ့သည့် ကာလတို ဘတ်ဂျက် သဘောတူညီချက်တွင် ရီပတ်ဘလစ်ကန်များသည် ယူကရိန်းကို ကူညီထောက်ပံ့မှု အသစ်များ ပေးမည့်အစီအစဉ်အား ထည့်သွင်းခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့ကြောင့် ယူကရိန်းကို ဆက်လက် ထောက်ပံ့ရန် အာမခံချက် မရှိကြောင်း ကျွမ်းကျင်သူများက ပြောသည်။ 

ဘိုင်ဒန်နဲ့ ဇာလန်းစကီးကို တွေ့ရစဉ်

"တကယ်လို့ အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ ရပ်တန့်သွားမယ်ဆိုရင် ယူကရိန်းအတွက် ဆိုးရွားတဲ့ ထိခိုက်နစ်နာ မှုတွေ ဖြစ်လာပါလိမ့်မယ်။ ယူကရိန်း စစ်တပ်ဟာလည်း အားနည်းလာပြီး ပြိုလဲနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်" ဟု မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး စင်တာ (Center for Strategic and International Studies) မှ ထိပ်သီး အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မာ့ခ် ကန်စီယန် (Mark Cancian) က ပြောသည်။

ရုရှားက သိမ်းပိုက်ခဲ့သည့်် နယ်မြေများကို ပြန်လည်သိမ်းယူရန် ကြိုးပမ်းနေသည့် ယူကရိန်းကို အမေရိကန်က လက်နက်ငယ်များ၊ လက်နက်ကြီးများ၊ စစ်သုံးယာဉ်များ၊ ခေတ်မီ ဒုံးပစ်လောင်ချာများ၊ တင့်ကားများနှင့် မိုင်း ရှင်းလင်းရေး ကိရိယာများ အပါအဝင် စစ်ရေး အကူအညီများစွာ ထောက်ပံ့ပေးခဲ့သည်။
"တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ စစ်တပ်တွေဟာ လက်နက်တွေ၊ ရိက္ခာတွေနဲ့ ခဲယမ်းတွေကို အဆက်မပြတ် လိုအပ်နေ ပါတယ်" ဟု ကန်စီယန်က ပြောကြားခဲ့သည်။

အကယ်၍ အမေရိကန်၏ အထောက်အပံ့များ အလုံးစုံ ရပ်တန့်သွားပါက ထိုအကျိုးဆက်ကို ချက်ချင်းလက်ငင်း ကြုံတွေ့ ခံစားရလိမ့်မည် မဟုတ်သော်လည်း သီတင်းပတ် အနည်းငယ်တွင် သိသာထင်ရှားသည့် အကျိုး သက်ရောက် မှုများကို မြင်တွေ့ရလိမ့်မည်ဟု ၎င်းက ပြောသည်။ 

ထို့ပြင် အမေရိကန်၏ စစ်ရေး အကူအညီများ ရပ်တန့်ခြင်းသည် စစ်မြေပြင်တွင် ယူကရိန်း၏ လေကြောင်း ကာကွယ်ရေး စွမ်းဆောင်ရည်များကိုလည်း သိသိသာသာ လျော့ကျသွားစေနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်