CNI International News

ဝါရှင်တန်၊ အောက်တိုဘာ ၄

အမေရိကန်၏ ရီပတ်ဘလစ်ကန် လက်ယာစွန်း လွှတ်တော် ကိုယ်စားလှယ်တစ်ဦးသည် ရီပတ်ဘလစ်ကန် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီ (Kevin McCarthy) ကို ရာထူးမှ နုတ်ထွက်စေရန် ကြိုးပမ်းချက် တစ်ခုအား အောက်တိုဘာ ၂ ရက်က စတင်လုပ်ဆောင်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ဖလော်ရီဒါပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ မတ်ဂေ့ဇ် (Matt Gaetz) သည် ၎င်း၏ ကြေညာ ချက်အား လွှတ်တော်တွင် တင်ပြခဲ့ပြီးနောက် မက်ကာသီကို ဆက်လက် ထောက်ခံတော့မည် မဟုတ်ကြောင်း၊  သူနှင့်အတူ ရီပတ်ဘလစ်ကန်များသည် မက်ကာသီကို လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဆက်လက် တာဝန်ထမ်းဆောင် စေရန် ထောက်ခံပေးတော့မည် မဟုတ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

"လုပ်ကြည့်လိုက်စမ်းပါ" ဟု မက်ကာသီက ဂေ့ဇ်၏ ပြောကြားချက်များကို အလျင်အမြန် တုံ့ပြန်သည့်အနေဖြင့် ယခင်က Twitter ဟု လူသိများခဲ့သည့် X လူမှုမီဒီယာတွင် တုံ့ပြန်ရေးသားခဲ့သည်။ 

အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီကိုတွေ့ရစဉ်

မက်ကာသီသည် အစိုးရယန္တရား ရပ်ဆိုင်းမည့် အခြေအနေကို ရှောင်လွှဲရန် ဒီမိုကရက်များနှင့် ဘတ်ဂျက် သဘောတူညီမှု တစ်ခုကို ကြားဝင်စေ့စပ်ပေးခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ၎င်းအား ရာထူးမှ နုတ်ထွက်စေရန် တောင်းဆိုသည့် ဂေ့ဇ်၏ အဆိုပြုချက်ကို မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Dornald Trump) ကို သစ္စာခံသည့် ဂေ့ဇ်သည် ရီပတ်ဘလစ်ကန် ပါတီဝင် အချင်းချင်း မက်ကာသီကို ဆန့်ကျင်သော လက်ယာအစွန်းရောက် အုပ်စုအား ဦးဆောင်သူ တစ်ဦး ဖြစ်သည်။ 

ထရမ့်ကို သစ္စာခံသည့် ၎င်းတို့ အုပ်စုသည် ယူကရိန်းကို စစ်ရေး ထောက်ပံ့မှုများအား ဆန့်ကျင်နေသည့် အုပ်စုဖြစ် သည်။

 အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင် မက်ကာသီနဲ့ ဘိုင်ဒန်ကိုတွေ့ရစဉ်

ယူကရိန်းကို ထောက်ပံ့မည့် ငွေကြေးများအား တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ တိုက်ဖျက်ရေးအတွက် သုံးစွဲခြင်းသည် ပိုမိုသင့်တော်ကြောင်း ဂေ့ဇ်က ပြောကြားခဲ့သည်။

"အမေရိကန်ပြည်သူတွေဟာ အစိုးရမှာ ဘတ်ဂျက် မရှိတော့တဲ့ အခြေအနေကို စိတ်ပျက် ငြီးငွေ့လာကြပါပြီ။ တစ်နှစ်စာ ဘတ်ဂျက်ကွာဟမှု ဒေါ်လာ ၂ ထရီလျံရှိနေပြီး ကြွေးမြီ ၃၃ ထရီလျံအထိ ရှိနေတာကိုလည်း စိတ်ပျက် နေကြပါပြီ" ဟု ၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံအနေနှင့်  နိမ့်ကျလာမည်ဆိုပါက နိမ့်ကျနေသည့် နေရာမှ ဆက်လက် တိုက်ခိုက် သွားမည်ဟုလည်း ဂေ့ဇ်က ပြောကြားခဲ့သည်။

Source: ဘန်ကောက်ပို့စ်