CNI Internatioanl News

ဝါရှင်တန်၊ စက်တင်ဘာ ၂၀

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) သည် လာမည့်နှစ်တွင် ပြုလုပ်မည့် သမ္မတ ရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နေရာအတွက် စကားရည်လုပွဲကို တက်ရောက်မည် မဟုတ်ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုအစား ထရမ့်သည် စက်တင်ဘာ ၂၇ ရက်တွင် ဒက်ထရွိုက် (Detroit) မြို့တွင် မော်တော်ယာဉ်စက်ရုံ လုပ်သားများနှင့် အခြားကာယ လုပ်သားများကို မိန့်ခွန်းပြောကြားရန် စီစဉ်ထားကြောင်း ၎င်း၏ လက်ထောက် တစ်ဦးက စက်တင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့သည်။

ထရမ့်သည် သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ လျှပ်စစ်ကား မူဝါဒများကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး မော်တော် ယာဉ်စက်ရုံ လုပ်သားများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးပမ်းနေချိန်တွင် ထိုကဲ့သို့ မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

မော်တော်ယာဉ် စက်ရုံလုပ်သားများက ဘိုင်ဒန်အစိုးရကို ဆန္ဒပြနေကြစဉ်

ထို့ကြောင့် ထရမ့်အနေနှင့် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း နေရာအတွက် စကားရည်လုပွဲကို တက်ရောက်ရန် ဒုတိယအကြိမ်မြောက် ပျက်ကွက်မှု ဖြစ်လာမည်ဖြစ်သည်။

တရားရေးပြဿနာ အများအပြားနှင့် ရင်ဆိုင်နေရသည့်တိုင် ထရမ့်သည် ရီပတ်ဘလစ်ကန် ပါတီတွင် ၎င်း၏ အနီးကပ်ဆုံး ပြိုင်ဘက်ထက် အမှတ် ၅၀ ရာခိုင်နှုန်းနီးပါး အသာစီး ရရှိထားသည်ဟု မကြာသေးမီက ပြုလုပ်သည့် လူထုသဘောထား ကောက်ယူမှု စစ်တမ်းများတွင် ဖော်ပြခဲ့သည်။

ကာယလုပ်သား သမဂ္ဂ အဖွဲ့ဝင်များကို မိန့်ခွန်းပြောကြားမည့် အစီအစဉ်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲက ဘိုင်ဒန်ကို မဲပေးခဲ့သည့် အလုပ်သမားလူတန်းစား မဲဆန္ဒရှင်များကို ၎င်းဘက်သို့ ပြန်လည်ဆွဲဆောင်ရန် ထရမ့်၏ မဲဆွယ်စည်းရုံးရေး အစီအစဉ်များထဲမှ တစ်စိတ်တစ်ပိုင်း ဖြစ်လာမည်ဖြစ်သည်။ 

မော်တော်ယာဉ် စက်ရုံလုပ်သားများက ဘိုင်ဒန်အစိုးရကို ဆန္ဒပြနေကြစဉ်

ပြီးခဲ့သည့် သီတင်းပတ်က မော်တော်ယာဉ် စက်ရုံလုပ်သားများ သမဂ္ဂ (United Auto Workers Union) သည် လုပ်ခလစာငွေနှင့်ပတ်သက်ပြီး အမေရိကန်၏ အကြီးဆုံး မော်တော်ကား ထုတ်လုပ်သည့်် ကုမ္ပဏီများကို ဆန့်ကျင်သည့် ဆန္ဒပြမှုကို စတင်ပြုလုပ်ခဲ့သည်။

ထို မော်တော်ယာဉ်လုပ်သား ပြဿနာသည် သမ္မတ ဂျိုးဘိုင်ဒန်အတွက် ကြီးမားသည့် နိုင်ငံရေးအန္တရာယ်တစ်ခု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ဘိုင်ဒန်သည် အလုပ်သမားသမဂ္ဂများကို ဆယ်စုနှစ်များစွာကြာ ထောက်ခံခဲ့သော်လည်း လုပ်ခလစာငွေနှင့် အခြား အကျိုးအမြတ်များနှင့်ပတ်သက်ပြီး ကုမ္ပဏီများ၊ အမှုဆောင်များနှင့် အငြင်းပွားခဲ့သည့် ဖြစ်စဉ်များတွင် ဘိုင်ဒန် သည် အလုပ်သမားများဘက်မှ လုံလောက်စွာ မရပ်တည်ပေးခဲ့မှုအပေါ်  အလုပ်သမားသမဂ္ဂအချို့က ဒေါသထွက် နေကြသည်။

Source: ရိုက်တာ