CNI News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၀
မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြစ်ပေါ်စေခဲ့သော နွေဦးတော်လှန်ရေးကို စတင်ခဲ့သူများ ကိုယ်တိုင်ဖြေရှင်းမှ ရမည်ဟု ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဘရှိန်က CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ တော်လှန်ရေးကို စတင်ခဲ့ပြီးနောက် မည်ကဲ့သို့သော ဆက်လက်လှုပ်ရှားမည်ကို မသိနိုင်ကြောင်း၊ ပြဿနာ ဖြေရှင်းရေးတွင်လည်း အဆိုပါ အဖွဲ့အစည်းများအပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။
ဦးဘရှိန်က “နွေဦးတော်လှန်ရေးကို ဖြေရှင်းဖို့ကြ နွေဦးတော်လှန်ရေးကို ဘယ်သူက စလုပ်တာတုန်း၊ နွေဦးတော်လှန်ရေးကို လုပ်တဲ့သူတွေ သူတို့က သူတို့ရဲ့ Destinations က ဘာလဲ၊ သူတို့ Destinations ကို ဘယ်လို သွားမှာလဲ။ ဝရုန်းသုန်းကားနဲ့ နွေဦးတော်လှန်ရေးလို့ ထအော်တာလား၊ အဲဒါတွေကလည်း ကိုယ့်ဟာကို သေချာ classify လုပ်ပြီးတော့ နိုင်ငံရေးအရ တကယ်ဖြတ်သန်းမယ်ဆိုလို့ရှိရင် အစီအစဉ်ချပြီးတော့ လုပ်တာဆို လို့ရှိရင်တော့ သူတို့မှာ အစီအစဉ်တွေ ရှိမှာပေါ့နော်၊ နွေဦးတော်လှန်ရေးဆိုတာလည်း နွေဦးတော်လှန်ရေးကို ဘယ်သူတွေက စပြီးတော့ လှုံ့ဆော်လိုက်တယ်၊ ဒါမှမဟုတ်ရင်လည်း စပြီးတော့ သန္ဓေတည်ပေးလိုက်တဲ့ အဲဒီလူ တွေမှာ ဒီကိစ္စတွေကို သူတို့ ဘာပြောကြလဲ၊ အဲဒါအရေးကြီးတာပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။
PDF ရဲဘော်နဲ့ NUG ကာကွယ်ရေး၀န်ကြီး ဦးရည်မွန်ကိုတွေ့ရစဉ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်က မြန်မာ့တပ်မတော်မှ NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် အာဏာရယူလိုက် သည်။
ထို့နောက် မြန်မာ့တပ်မတော်ကို ပြန်လည် ဖြုတ်ချနိုင်ရေး NLD အမတ်များနှင့် ဒီမိုကရေစီ အင်အားစုများမှ နွေဦးတော်လှန်ရေးအား ဆင်နွှဲခဲ့ကြသည်။
အဆိုပါ နွေဦးတော်လှန်ရေးကနေ လက်နက်ကိုင်ပဋိပက္ခမှာ နှစ်နှစ်ကျော်လာသည့်တိုင် ပြေလည်နိုင်ခြင်း မရှိသေးဘဲ မြန်မာနိုင်ငံသူ/သားများမှာ အကျပ်အတည်းပေါင်းစုံဖြင့် ရင်ဆိုင်နေရသည်။
မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရာမှာ တွေ့ဆုံညှိနှိုင်းသည့် လမ်းကြောင်းထက် ကောင်းသည့် နည်းလမ်း မရှိသောကြောင်း ပလောင်နိုင်ငံရေးသမား မိုင်းအုဏ်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။
မြန်မာ့တပ်မတော်ကို တွေ့ရစဉ်
၎င်းက “အကောင်းဆုံး နည်းလမ်းက တွေ့ဆုံညှိနှိုင်းရေး နည်းလမ်းပဲလေ၊ ဒီနည်းလမ်းထက်ကောင်းတော့ မရှိ တော့ဘူး ထင်တာပဲ၊ တွေ့ဆုံညှိနှိုင်းရေး နည်းလမ်းကပဲ ငြိမ်းချမ်းရေးကို သွားနိုင်မယ့် နည်းလမ်းဖြစ်တယ်။ အဓိက ကတော့ ကျနော်တို့ ပြည်တွင်းမှာ ရှိနေတဲ့ အင်အားစုတွေက စုပေါင်းပြီးမှ ညီညီညွတ်ညွတ်နဲ့ တောင်းဆိုကြမယ် ဆိုရင်တော့ ရနိုင်မယ်လို့ မြင်တာပေါ့” ဟု ပြောသည်။
ပြည်တွင်းနိုင်ငံရေးကို ဖြေရှင်းရန် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစု အဖွဲ့အစည်းအချို့၊ အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ကြိုးပမ်းလျက် ရှိနေသည်။
သို့သော် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော အဖွဲ့အစည်းများမှာ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းထက် တစ်ဖက်နှင့် တစ်ဖက် အပြုတ်တိုက်ရေးကို ပိုမိုအားသန်ကြကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။
လက်ရှိ မြန်မာနိုင်ငံ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားလျက် ရှိနေသည်။
အဆိုပါ လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် အခန်းကဏ္ဍများမှာ အဖက်ဖက်က ယိုယွင်းကျဆင်းလျက် ရှိနေသည်။